အမျိုးသမီးပါဝင်မှု အားနည်းသော်လည်း ဗဟိုအဆင့်ကော်မတီဝင် အမျိုးသမီး ၃ ဦး ‌ရွေးချယ်နိုင်ခဲ့ဟု ABSDF ပြောဆို

0
289

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တွင် အမျိုးသမီးများပါဝင်နိုင်မှု အားနည်းသော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ မှ ၁၇ ရက်နေ့အထိ ပြုလုပ်ပြီးစီးခဲ့သော ၁၂ ကြိမ်မြောက် ညီလာခံတွင် အမျိုးသမီး ၃ ဦးအား ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်နိုင်ခဲ့ကြောင်း သိရသည်။

ဝင်ရောက်အရွေးချယ်ခံလာသူ အမျိုးသမီးကိုယ်စားလှယ် ၅ ဦးအနက် ရဲဘော် စုစုထွေး၊ ရဲဘော် ချောဝေဝေလွင်နှင့် ရဲဘော်သီတာခိုင်တို့ ၃ ဦးကို တက်ရောက်လာသော ဗဟိုကော်မတီဝင်အဆင့်အထိ ကော်မတီဝင်များ၏ရွေးချယ်မှုဖြင့် ခန့်အပ်နိုင်ခဲ့သည်ဟု ABSDF ညီလာခံထုတ်ပြန်ချက်ပါ ပြောခွင့်ရ ရဲဘော်ကျော်ကျော်လင်းက ယခုလိုပြောသည်။

“ကျနော်တို့မှာ အမျိုးသမီးဗဟိုကော်မတီဝင်နှစ်ဦး ပါဝင်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်ရှိပါတယ်။ အရင်တုန်းကလည်း အစဥ်အဆက်မှာ အမျိုးသမီးဗဟိုကော်မတီဝင်အဖြစ် ပါဝင်ခဲ့ကြတာတွေ ရှိတယ်။ ဒါပေမဲ့လည်း ကျနော်တို့ တော်လှန်ရေးလက်နက်ကိုင်ကြားထဲမှာ ကြုံတွေ့ရတဲ့ အခက်အခဲက အမျိူးသမီးတပ်ဖွဲ့ဝင် အင်အားနည်းတာပါ။ ဒီတစ်ခေါက်မှာတော့ ကျနော်တို့ရဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေ ပိုပြီးပါလာတဲ့အပေါ်မှာ အမျိုးသမီးကိုယ်စားလှယ် ၅ ဦးထဲက ၃ ဦးကို ဗဟိုကော်မတီအဆင့်ထိ တက်ရောက် လာတဲ့ကော်မတီဝင်တွေက ရွေးချယ်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်” ဟု ရဲဘော်ကျော်ကျော်လင်းက ဆိုသည်။

တာဝန်ခွဲဝေမှု အနေဖြင့် ညီလာခံအပြီး လာမည့်နိုဝင်ဘာလ နောက်ဆုံးအပတ်အတွင်း ပြုလုပ်ကျင်းပမည် ဖြစ်သည့် ဗဟိုကော်မတီအစည်းအဝေးတွင် ABSDF ၏ ရှေ့လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ တာဝန်ခွဲဝေမှုများ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း ရဲဘော်ကျော်ကျော်လင်းက ဆက်ပြောဆိုသည်။

၁၉၈၈ ခုနှစ် နိုဝင်ဘာလမှစ၍ ၈၈၈၈ ကျောင်းသားမျိုးဆက်အများစုဖြင့် တည်ထောင်ခဲ့သော ABSDF (ကျောင်းသားတပ်မတော်) ၏ ညီလာခံကို (၃) နှစ်လျင် တစ်ကြိမ် ကျင်းပလာခဲ့ကြခြင်းဖြစ်သလို ၆ ကြိမ်မြောက် ညီလာခံမှသည် ယခုညီလာခံအထိ ခုနှစ်ကြိမ်ကြိမ်တိုင်တိုင် ဥက္ကဌအဖြစ် ရဲဘော်သံခဲက ဆက်လက်ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် ညီလာခံသက်တမ်း ဗဟိုကော်မတီတွင် ဒုတိယ ဥက္ကဌအဖြစ် ရဲဘော် လဆိုင်း၊ အထွေထွေ အတွင်းရေးမှူးအနေဖြင့် ရဲဘော်ဆန်နီ၊ တွဲဘက်အထွေထွေအတွင်းရေးမှူး – (၁) (၂) အဖြစ် ရဲဘော်ကျော်ကျော်လင်းနှင့် ရဲဘော်လှဌေးတို့က ခန့်အပ်ခြင်းခံခဲ့ရပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (၄) ဦး၊ ဗဟိုကော်မတီနှင့် အရံဗဟိုကော်မတီဝင် စုစုပေါင်း ၁၆ ဦးကို ခန့်ထားရွေးချယ်ခဲ့ကြောင်း ABSDF ၏ ညီလာခံအပြီး ထုတ်ပြန်ချက်အရ သိရသည်။

ယခုတစ်ခေါက် ညီလာခံသို့ ABSDF တပ်ရင်း၊ တပ်ဖွဲ့များအပါအဝင် ဥပဒေအရ တက်ရောက်ခွင့်ရှိသူများ၊ လေ့လာသူများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ၎င်းတို့ချမှတ်ထားသော စစ်ရေးနှင့် နိုင်ငံရေး ရည်မှန်းချက်များနှင့် ညီညွတ်စွာ စစ်အာဏာရှင်အမြစ်ပြတ်ရေး တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ထည့်သွင်းပြောဆိုထားသည်။

ABSDF ပြောခွင့်ရရဲဘော်ကျော်ကျော်လင်းက “ကျနော်တို့ရဲ့ ရှေ့လုပ်ငန်းစဥ်မှာ ချမှတ်ထားပြီးသားပါ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ ဒီမိုကရေစီ ရရှိသည်အထိ စစ်အာဏာရှင်ချုပ်ငြိမ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားဖို့ ကျနော်တို့ရဲ့ ဦးတည်ချက် ၄ ရပ်နဲ့ပတ်သက်တဲ့ စစ်ရေးလမ်းစဥ်အတိုင်း အင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်သွားမှာပါ” ဟု ပြောဆိုသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here