အမ်း-ပဒါန်းလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ACDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံး

0
95

ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ အမ်းမြို့နယ်ထဲကတိုက်ပွဲများကြောင့် စခန်းစွန့်ခွာထွက်ပြေးလာသော စစ်ကောင်စီတပ်မ ၉၉ တပ်ဖွဲ့ဝင်တချို့နှင့် အရှိုချင်းကာကွယ်ရေးတပ် – ACDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကြောင်း ACDF တပ်ဖွဲ့ထံက သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းက စခန်းစွန့်ခွာထွက်ပြေးလာသော စစ်ကောင်စီဖွဲ့ဝင် ၁၅ ဦးခန့်ကို မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း တနေရာတွင် အရှိုချင်းကာကွယ်ရေးတပ် – ACDF က တပ်စိတ် ၂ စိတ်ဖြင့် တားဆီးပိတ်ဆို့ရာက နှစ်ဖက်ကြားတိုက်ပွဲ ၁ နာရီကျော်ကြာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့က သတင်းရလို့ တပ်စိပ် ၂ စိပ်ခွဲပြီး စောင့်တာပေါ့နော်။ ပထမတပ်စိပ်က သူတို့ကို အသာတကြည် လက်နက်ချအလင်းဝင်ဖို့ပြောတာ သူတို့ကမချဘဲနဲ့ ခုခံတယ်။ ထွက်ပြေးတာတွေ လုပ်တယ်။ အဲဒါ ပထမတပ်စိပ် နဲ့ တိုက်ပွဲဖြစ်တယ်။ ဒုတိယတပ်စိပ်က ရှင်းလင်းရေးပြန်ဝင်တယ်။ သူတို့ တကွဲတပြား ပြေးကြတယ်။ အခုလည်း အကုန်လုံးကိုဖမ်းဆီးရမိအောင် လိုက်လံရှာဖွေနေတယ်” ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခနီလေဗွေက ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး MA 1 သေနတ် ၃ လက်၊ ကျည်ဆန်နှင့် ကျည်အိမ်များ သိမ်းဆည်းရမိကြောင်း၊ ACDF ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောဆိုသည်။

ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်မ ၉၉ က ဖြစ်ပြီး ယင်းတပ်မသည် မိတ္ထီလာမြို့တွင် အခြေစိုက်ထားသော စစ်နယ်ဝန်းပုံသေ မသတ်မှတ်ထားသော စစ်ကောင်စီ၏ တိုက်ခိုက်ရေးတပ်ဖြစ်ကြောင်း သိရသည်။

ရခိုင်- မကွေးအစပ် အမ်းမြို့နယ်အတွင်းက အမ်း – ပဒါန်းကားလမ်းမအနီးရှိ ကမြင်းကန်၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် ULA/AA တို့ကြား အပြန်အလှန် ထိုးစစ်၊ ခံစစ်များဖြင့် တိုက်ပွဲများ တပတ်ကျော်ကြာအထိ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

တပ်မ (၈၈) ၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ မကွေးတိုင်းထဲက ကပစတပ်ဖွဲ့ဝင်များ ပူးပေါင်းထားသော စစ်ကောင်စီတပ်နှင့် ULA/AA တို့ ဇန်နဝါရီလ ၁၁ ရက်ကတည်းက တိုက်ပွဲများ စတင်ပြင်းထန်နေသည်ဟု ULA/AA က ဇန်နဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်သည်။

အမ်း- ပဒါန်းလမ်းမပေါ်က တိုက်ပွဲတွင် စစ်ကောင်စီပူးပေါင်းတပ်သည် ULA/AA တပ်စခန်းများကိုလည်း အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးများဖြင့် ဆုတ်ခွာထွက်ပြေးရသည်ဟု ULA/ AA ၏ ထုတ်ပြန်တွင် ပါရှိသည်။

ရခိုင်- မကွေးအစပ်က တိုက်ပွဲများကြောင့် စခန်းစွန့်ခွာထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDF များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ပိတ်ဆို့တိုက်ခိုက်ပြီး စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိထားကြောင်းလည်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here