အမ်းမြို့နယ်တွင် စစ်ကောင်စီ လာရောက်ဗုံးကြဲတာကြောင့် အရပ်သား ၂ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိ

0
140

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ မင်းတက်ကျေးရွာကို မေလ ၄ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် စစ်ကောင်စီက ဂျက်တိုက် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ၂ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံများက ပြောသည်။

မင်းတက်ကျေးရွာ မြောက်ဘက်ရှိ မင်းတက်တံတားနှင့် တံတားအနီးဆိပ်ကမ်းကို စစ်ကောင်စီက လေကြောင်းဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဟု ဒေသခံအမျိုးသာတစ်ဦးက ပြောသည်။

“ဒဏ်ရာရသွားကြတဲ့သူတွေက ဈေးရောင်းနေကြတာ။ အဲဒီအချိန် စစ်ကောင်စီကဗုံးကြဲလို့ ဒဏ်ရာရသွားကြတာ။ ဒဏ်ရာကပြင်းပြီး စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်” ဟု ၎င်းက ပြောသည်။

ပေ ၆၀ ကျော် အရှည်ရှိ မင်းတက်တံတားသည် ထန်းပြင်ကျေးရွာနှင့် မင်းတက်ကျေးရွာကို ဆက်သွယ်ထားသည့် အုတ်တံတားတစ်ခု ဖြစ်ပြီး၊ တံတားထိခိုက်ပျက်စီးမှုနှင့် ပတ်သက်၍ အသေးစိတ်ကို မသိရှိရသေးပေ။

လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေကြပြီး အပြင်သို့ မထွက်ရဲဖြစ်နေကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

“ကျနော်တို့က နေရာတိုင်းကို သွားပြီးတော့ မကြည့်နိုင်သေးဘူး။ ထိခိုက်ဒဏ်ရာရတာက ပိုပြီးများနိုင်တယ်။ အပျက်အစီးလည်း ရှိနိုင်တယ်။ အတိအကျကိုတော့ မပြောနိုင်သေးဘူး” ဟု အဆိုပါဒေသခံက ပြောသည်။

နိုင်ငံတဝန်း စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်နေသည်။

ဧပြီလ ၃၀ ရက်နေ့ကလည်း ရခိုင်ပြည်၊ မင်းပြားမြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

ရခိုင်ပြည်တွင် ဧပြီလ ၁ ရက်နေ့ မှ ၃၀ ရက်နေ့ အထိ တစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၁၆ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၆၉ ဦးရှိကြောင်း စာရင်းမှတ်တမ်းများအရ သိရသည်။ (မှတ်ချက် – မြေပြင်တွင် ယခုထက်ပို၍ များနိုင်ပါသည်။)

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here