အမ်းတွင် ဝန်ထမ်းတချို့အပါအဝင် ၁၆ ဦးကို ထောင် ၃ နှစ်စီချမှတ်ပြီး စစ်လေယာဉ်ဖြင့် အင်းစိန်အကျဉ်းထောင်သို့ပို့ဆောင်

0
106

ရခိုင်ပြည်၊ အမ်းမြို့တွင် အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုပြီး ဖမ်းဆီးခံထားရသည့် လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတချို့အပါအဝင် ၁၆ ဦးကို ထောင် ၃ နှစ်စီချမှတ်ကာ အင်းစိန်ထောင်သို့ ချက်ချင်းပို့ဆောင်လိုက်ကြောင်း သိရသည်။

အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသူများမှာ အမ်းမြို့၊ လေယာဥ်ကွင်းရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ အသက် ၃၀ ကျော်အရွယ် မမီးမီး (ခ) မယွန်းသူသူအောင် (ခ) မအေးအေးနိုင်၊ အမ်းမြို့နယ် စီမံကိန်းရေးဆွဲရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောရွှေမောင်၊ ကျောင်းဆရာတစ်ဦးနှင့် Mytel ဆက်သွယ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးအပါအဝင် စုစုပေါင်း ၁၆ ဦးတို့ ဖြစ်သည်။

၎င်းတို့ကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် သြဂုတ်လ ၉ ရက်၊ နံနက်မှ စ၍ ယင်းနေ့ ည ၁၀ နာရီခွဲ အထိ အမ်းမြို့နယ်တရားရုံးတွင် တပြိုင်တည်း အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု အမ်းမြို့နယ်ရှိ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အမ်းမြို့ဟာ စစ်ခုံရုံးနဲ့ တရားစွဲဆိုတဲ့အနေအထားမျိုး မရှိပေမဲ့ အခုလို နေ့ချင်းပြီး စစ်ဆေးပြီးတော့ အမိန့် ချမှတ်နေတာဟာ စစ်ခုံရုံးလိုပဲ စွပ်စွဲခံရသူတွေဘက်က ချေပပြောဆိုတင်ပြပိုင်ခွင့်၊ တစ်နည်းအားဖြင့် ဥပဒေပါ အခွင့်အရေးတွေကို ရပိုင်ခွင့်မရှိဘဲ အမြင့်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အပေါ်က ဖိအားတွေပါရှိတယ်ဆိုတာ သုံးသပ်မိပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းတို့ ၁၆ ဦးကို သြဂုတ်လ ၁၂ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ ထောက်ပို့လေယာဥ်တစ်စီးဖြင့် ရန်ကုန်ရှိ အင်းစိန် အကျဥ်းထောင်သို့ ပို့ဆောင်လိုက်သည်ဟုလည်း အဆိုပါသတင်းရင်းမြစ်က ဆက်ပြောသည်။

၎င်းတို့အနက် လူမှုရေးတက်ကြွလှုပ်ရှားသူမမီးမီးကို ပညာရေးဝန်ထမ်းဖြစ်သည့် သူ့၏အမျိုးသားနှင့်အတူ အမ်းမြို့နယ် ပညာရေးမှူးရုံးသို့ မကြာသေးခင်က လစာလာထုတ်ရာတွင် နှစ်ဦးစလုံးကို စရဖက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် စရဖရုံးတွင် ဖမ်းဆီးစစ်ဆေးပြီး သူ့အမျိုးသားကို ပြန်လွှတ်ပေးခဲ့သော်လည်း မမီးမီးကို ၁၇ (၁) ဖြင့် တရားစွဲထောင်ချလိုက်ခြင်း ဖြစ်သည်။

“သူက ဟိုနှစ်က အမ်းမှာ နီပွန်ဖောင်ဒေးရှင်းက ဆန်လှူရာမှာ ဝင်ကူပေးတာကို AA ကို ဆန်ထောက်ပံ့တယ်ဆိုပြီး မတရားဖမ်းဆီးထောင်ချလိုက်တာ” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

အလားတူ အမ်းမြို့နယ် စီမံကိန်းရေးဆွဲရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောရွှေမောင်ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဖမ်းဆီးပြီးနောက် ယခုမှ ထောင်ချလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ကျန် ၁၄ ဦးကိုမူ မည်သည့်နေ့က မည်သည့်နေရာတွင် ဖမ်းဆီးခဲ့သည်ဆိုသည့် အသေးစိတ် အခြေအနေကို မသိရှိရပေ။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here