မွန်ပြည်နယ်တွင် အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ယခုဧပြီလအတွင်း အပူဒဏ်သိသိသာသာ မြင့်တက်လာနေပြီး ကျိုက်မရောမြို့နယ်မှ စစ်ဘေးရှောင်လာသည့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ အပူဒဏ်ကာကွယ်ရန် လိုအပ်ချက်အမျိုးမျိုးရှိနေကြောင်း စစ်ရှောင်ကူပေးသူများထံမှ သိရသည်။
လက်ရှိ၌ စစ်ဘေးရှောင်အများစု ရှိနေသည့် မော်လမြိုင်နှင့် ချောင်းဆုံ စစ်ရှောင်စခန်းတို့တွင် သုံးစွဲရေလုံလောက် မှု မရှိသည့်အပြင် သောက်ရေလိုအပ်ချက်သာမက ခြင်ထောင်နှင့် ပေါ့ပေါ့ပါးပါးအဝတ်အထည် လိုအပ်လျှက် ရှိနေသည်ဟု ၎င်းတို့က ပြောပါသည်။
တဖက်တွင်လည်း မွန်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ရေခမ်းခြောက်မှု သိသိသာသာများလာပြီး လျှပ်စစ်မီး ရရှိချိန် နည်းနေသည့်အတွက် သောက်သုံးရေ လုံလောက်စွာရရှိရန် အခက်အခဲရှိနေသည်ဟု မော်လမြိုင်မြို့ ရေပေးဝေရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“အခုမော်လမြိုင်မှာ စစ်ဘေးရှောင်တွေ နေတာများတဲ့ဘုန်းကြီးကျောင်းတွေမှာ ရေလိုအပ်ချက်တွေရှိလာတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာရှိတဲ့ ဝန်နဲ့အားနဲ့က မီးပျက်တာနဲ့က မတင်ဘူးလေ။ အဝီစီရေယူဖို့က သူတို့မှာ ပစ္စည်း ကိရိယာအစုံအလင် ရှိနေပေမဲ့လည်း မီးမှမလာတာ။ မီးစက်နဲ့တင်ဖို့က သူတို့မတတ်နိုင်ဘူးလေ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် မော်လမြိုင်နှင့် ချောင်းဆုံရှိ စစ်ဘေးရှောင်သူများတွင် ၅၀ ရာခိုင်နှုန်းက သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ ဖြစ်နေခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ထောက်ပံစောင့်ရှောက်မှုကို ပိုမိုလုပ်ဆောင်နေရပြီး ဆေးဝါးလိုအပ်ချက်လည်း ရှိနေသည်ဟု ချောင်းဆုံမှ စစ်ဘေးရှောင်ကူညီနေသူများက ပြောဆိုသည်။
“အခုကျွန်မတို့က သွေးလှုဒါန်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ တနေ့တခေါက် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ် ပေးနေတယ်။ ရောဂါရှိတဲ့ လူနာတွေကများတယ်။ အဓိကက အသက်ကြီးပိုင်းနဲ့ ကလေးငယ်တွေက အရမ်းများ နေတယ်။ အချို့က လေဖြတ်ရောဂါ ခံစားနေရတဲ့သူတွေ ပြီးတော့နာတာရှည်ရောဂါ ခံစားရတဲ့သူတွေရှိတယ်။ အဲလိုမျိုးဆိုရင် ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်ရေးအဖွဲ့မှ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်လျှက်ရှိသော်လည်း ပူပြင်းသည့် ရာသီဥတုဒဏ်ကြောင့် ဖျားနာသူများရှိနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာတွင် စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားပြီး နောက်ပိုင်း အနီးနားရှိကျေးရွာ ၅ ရွာခန့်က ဒေသခံများပါ ဘေးလွတ်ရာကျေးရွာများသို့ တိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိတွင် မော်လမြိုင်မြို့ပေါ်ရှိ ဘုန်ကြီးကျောင်း ၂၁ ကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၁၅၀၀ ကျော်နှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ဝန်ကျင် ခိုလှုံနေကြကြောင်း စစ်ဘေးရှောင်ကူညီများက ပြောသည်။
ယင်းအပြင် ဓမ္မသရွာနှင့်နီးသည့် ကော့စွယ်၊ ကော့သတ် စစ်ဘေးရှောင်စခန်းများတွင်လည်း စစ်ဘေးရှောင်ဦးရေ ၇၀၀ ဝန်းကျင် ရှိနေကြောင်း စစ်ဘေးရှောင်ကူညီများ ပြောဆိုမှုအရ သိရသည်။
အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ယခုနှစ်တွင် နွေရာသီကာလ ရှည်ကြာခြင်း၊ အပူချိန်မြင့်မားခြင်း၊ သောက်သုံးရေ မလုံလောက်ခြင်းတို့ကြောင့် ပြည်သူတရပ်လုံး ကျန်းမာရေးဆိုင်ရာ ပြဿနာများ အထူးဂရုပြု နေထိုင်ကြရန်လည်း ကျန်းမာရေးဆိုင်ရာ သုတေသီများက တိုက်တွန်းထားပါသည်။
IMNA ပေးပို့သည်။