30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းအပစ်ရပ်မည်ဟု ကြေညာထားသည့် စစ်ကောင်စီတပ်က ကချင်ပြည်တွင် တိုက်ပွဲဖော်ဆောင်နေဟု KIO ပြောဆို

အပစ်ရပ်မည်ဟု ကြေညာထားသည့် စစ်ကောင်စီတပ်က ကချင်ပြည်တွင် တိုက်ပွဲဖော်ဆောင်နေဟု KIO ပြောဆို

အာဏာသိမ်းစစ်ကောင်စီတပ်က ယာယီအပစ်ရပ်မည်ဟု ထုတ်ပြန်ကြေညာထားပေမယ့် ကချင်ပြည်နယ်ထဲက မြို့နယ်တချို့တွင် လေကြောင်းတိုက်ခိုက်မှုအပြင် ထိုးစစ်တိုက်ခိုက်နေဆဲဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ပြောသည်။

ယာယီအပစ်ရပ်ကြောင်း ထုတ်ပြန်လိုက်သည့် ဧပြီလ ၂ ရက်နေ့ကနေ ဧပြီ ၃ ရက်နေ့အထိ ဗန်းမော်၊ အင်းတော်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် လေကြောင်းနှင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

“ဒီမနက် (ဧပြီ ၃ ရက်) ၆ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မှာ လေကြောင်းနဲ့လာပစ်တယ်။ ဗန်းမော်မှာလည်း မနေ့ညအထိ ဗုံးကြဲနေသလို ဒီကနေ့မနက်ပိုင်းမှာလည်း လာပစ်တယ်။ ဒါပြီးရင် ဝိုင်းမော် လမြန်မှာလည်း မြေပြင်ကနေ ထိုးစစ်ဝင်လာတဲ့အတွက် ခုခံတိုက်ပွဲတွေဖြစ်နေတယ်” ၎င်းက ပြောသည်။

စစ်ကောင်စီက ငလျင်နောက်ဆက်တွဲ ကယ်ဆယ်လုပ်ငန်းများလုပ်ကိုင်ရန်အတွက် ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၂၂ ရက်အထိ ရက်ပေါင်း ၂၀ ကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာအဖြစ် အပစ်ရပ်မည်ဖြစ်ကြောင်း ဧပြီလ ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တဖက်တွင်လည်း KIO/KIA က စစ်ကောင်စီ၏ ထုတ်ပြန်ချက်အပေါ် တုန့်ပြန်မှုအနေဖြင့် ရက် ၂၀ အကြာ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်နားမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်ထဲ၌ လက်မခံနိုင်ငံသည့် စစ်ရေးချိုးဖောက်မှုတို့ ဖြစ်ပေါ်လာပါက တန်ပြန်တိုက်ခိုက်သွားမည် ဖြစ်သည်ဟု အဆိုပါထုတ်ပြန်ချက် စာပိုဒ် (၄) တွင်ဖော်ပြထားသော်လည်း လက်ရှိ၌ စစ်ကောင်စီတပ်ကသာ စစ်ရေးချိုးဖောက်နေခြင်း ဖြစ်သည်ကို တွေ့မြင်ရသည်။

ယခုလို စစ်ကောင်စီတပ်ဘက်က အပစ်ခတ်ရပ်ထုတ်ပြန်ကြေညာအပေါ် လိုက်နာမှုမရှိသည့်အပေါ် ဗိုလ်မှူးကြီးနော်ဘူက “အပစ်ခတ်ရပ်စဲရေးက KIO/KIA ကနေ အရင်ထုတ်ပြန်ပြောဆိုတာ မဟုတ်ဘူး။ စစ်တပ်ဘက်ကနေ အရင်ပြောတာဖြစ်တဲ့အတွက် တုန့်ပြန်တဲ့သဘောနဲ့ သူတို့သတ်မှတ်ထားတဲ့ရက်အတိုင်း ယာယီပစ်ခတ်မှုရပ်ဖို့ ပြန်ပြီး ထုတ်ပြန်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် သူတို့ဘက်ကတောင် ဆက်ပြီး ပစ်ခတ်နေတဲ့ အတွက် ပြန်ပစ်ရမှာပဲ။ KIA ကနေ ထိုးစစ်တိုက်ခိုက်နေတာ မဟုတ်ဘူး။ သူတို့ဝင်လာလို့ ကျနော်တို့ပစ်တာ” ဟု ပြောသည်။

KIO/KIA ထုတ်ပြန်ချက်ထဲတွင် “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက် အပိုဒ် (၄) ပါ အကြောင်းအရာတို့ကို တိုင်းရင်သားတော်လှန်ရေးအဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့များသာမက မြန်မာ့တပ်မတော်ဘက်ကလည်း လိုက်နာရန်လိုအပ်ပေသည်” ရေးသားထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီတပ်က ထိုးစစ်တိုက်ခိုက်မှု ယာယီရပ်မည်ဟု ထုတ်ပြန်ကြေညာလိုက်ပြီး နောက်တစ်ရက်မှာပင် ဝိုင်းမော်မြို့နယ်ထဲ စစ်ကောင်စီတပ်က ထိုးစစ်ဆင် လက်နက်ကြီးပစ်ခတ်နေသည့်အတွက် တိုက်ပွဲမရပ်ကြောင်း KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်တဆင့် အသိပေးထားသည်။

KNG ပေးပို့သည်။