မွန်ပြည်နှင့် ကရင်ပြည်နယ်အစပ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ် – ဘုရားသုံးဆူလမ်းပေါ်ရှိ အနန်းကွင်းကျေးရွာက နေအိမ် အလုံး ၂၀ ကျော်ကို စစ်ကောင်စီတပ်တို့က ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က အနန်းကွင်းကျေးရွာထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်က ရပ်ကွက် (၂)၊ ရပ်ကွက် (၃) ရှိ နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် အနန်းကွင်း ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အဲထဲမှာ အမတို့အိမ်လည်း ပါသွားတယ်။ အမတို့ရွာနဲ့ အမတို့အိမ်က ဘာအပြစ်ရှိလို့လဲ။ အိမ်တွေကို အားရးပါးရ မီးလိုက်ရှို့နေတာ။ အိမ်တစ်လုံးပြီးဖို့က အနှစ်နှစ်အလလ စုလာရတယ်။ ယုတ်မာကြတယ်။ လူမှမဟုတ်ကြတာ။ အခုက ရွာထဲမှာ သူတို့ (စစ်တပ်) အပြည့်ရှိနေတယ်” ဟု ရွာခံအမျိုးသမီးက ပြောသည်။
အိမ်ခြေ ၅၀၀ ကျော်ရှိသည့် အနန်းကွင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး နေအိမ်မီးလောင်ပျက်စီးသွားသည့်အပြင် ကျေးရွာအတွင်း ဝင်ရောက် လာသည့် စစ်ကောင်စီတပ်တို့က နေအိမ်များကို မီးရှို့ခဲ့ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားသည်ဟု ရွာခံများကဆိုသည်။
အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် သြဂုတ်လလယ်ခန့်စပြီး အနန်းကွင်းနှင့် အနီးနားတဝိုက်တွင် တိုက်ပွဲပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်နေခြင်းကြောင့် အနန်းကွင်းနှင့် အနီးနားတဝိုက်ရှိ လွတ်ရှမ်း၊ တညင်၊ ဖာယာ စသည့် ရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ယနေ့ချိန်ထိ နေရပ်မပြန်နိုင်သေးပေ။
အနန်းကွင်းရွာခံစစ်ရှောင်တစ်ဦးက “တိုက်ပွဲကြောင့်လည်း အိမ်တွေအများကြီး ပျက်စီးခဲ့ပြီးပြီ။ အခုလည်း ကျန်နေသေးတဲ့အိမ်တွေကို ထပ်ပြီးတော့ မီးလိုက်ရှို့နေတယ်။ အနန်းကွင်းရွာကလူတွေ စစ်ရှောင်နေရတာ တစ်နှစ်ပြည့်တော့မယ်။ သူများအိမ်မှာ လိုက်နေနေကြရတယ်။ လှူဒါန်းပေးတဲ့အဖွဲ့တွေရှိပေမဲ့ စစ်ရှောင်တွေက များတော့ ဘယ်လုံလောက်ပါ့မလဲ” ဟု ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အနန်းကွင်းဗျူဟာတပ်စခန်း သိမ်းပိုက်နိုင်ရေး ဝိုင်းဝန်းတိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း အနန်းကွင်းတပ်စခန်း မကျရေးအတွက် ခုခံတိုက်ခိုက်နေသည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး နေ့စဉ်နီးပါးလည်း တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတို့က ပြောသည်။
IMNA ပေးပို့သည်။