ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ၏ တာဝန်ရှိသူများက ပြောသည်။
ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့ဝင် ၂ ဦးကို ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် အဓမ္မ တပ်သားသစ်စုဆောင်းခံရသည့် ကျေးရွာကော်မတီဝင်များဖြစ်သည်ဟု PNLA က ဆိုသည်။
PNLA ၏ စစ်ဘက်ဆိုင်ရာ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “အဲဒီဖြစ်စဉ်က ၆ ရက်နေ့ ညနေပိုင်းက အဲဒီ လွယ်ပွတ်ရွာနားမှာပေါ့။ အဲဒီ PNLA စစ်ကြောင်းကို ချောင်းပစ်တော့ တောင်ပေါ်မှာပေါ့နော်။ တောင်ထိပ်မှာက ဘုရားရှိတယ်။ သူတို့က အဲဒီတောင်ပေါ်ကနေပြီး ချောင်းပစ်တော့ ကျနော်တို့က ဝိုင်းပြီးတော့ တက်ရှင်းတယ် ပေါ့။ တက်ရှင်းတော့ ၇ ယောက် ၈ ယောက်လောက်က ထွက်ပြေးသွားတယ်။ လွတ်သွားတယ်ပေါ့နော်။ အဲတော့ အဲ့ဒီမှာက ၂ ယောက် ကျန်ခဲ့တယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ ပြည့်သူ့စစ်ရွေးချယ်ပွဲတွင် မဲပေါက်သူများဖြစ်ပြီး စစ်ကောင်စီမှ ပေးအပ်သည့် စစ်သင်တန်း ၁၅ ရက် တက်ဖူးသူများဖြစ်သည်ဟု ၎င်းက ပြောပါသည်။
PNLA တာဝန်ရှိသူက “အဲဒါ ဖမ်းမိသွားတာပေါ့နော်။ အဲဒီ ကျန်တဲ့ ၂ ယောက်နဲ့အတူ စကားပြောစက် တစ်လုံးရယ် ပြီးတော့ ဒီယာဘ (စိတ်ကြွရူးသွပ်ဆေး) နည်းနည်းရယ်ပေါ့နော်။ ထွက်ပြေးသွားတဲ့လူတွေက သုံးတာလား၊ သူတို့က သုံးတာလားဆိုတာ မစစ်ဆေးရသေးဘူးနော်” ဟု ပြောသည်။
လတ်တလောတွင် ၎င်းတို့ ၂ ဦးအား လူ့အခွင့်အရေးနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအသောက်များ ပေးအပ်ထားသည်ဟု PNLA တာဝန်ရှိသူက ဆက်ပြောသည်။
“ကျနော်တို့ သုံ့ပန်းမှာလည်း သုံ့ပန်းပေါ်လစီ ရှိပါတယ်။ ဖမ်းမိသမျှ သုံ့ပန်းတွေကို နှိပ်စက်တာတွေ သတ်ဖြတ် တာတွေ လုပ်ခွင့် မရှိဘူးလေ။ ပြီးတော့ သုံ့ပန်းတိုင်းကလည်း သူတို့ အပြစ်ကျူးလွန်နေပါစေ အသက်ရှင်ခွင့်တော့ ရှိတာပေါ့နော်” ဟု ၎င်းက ဆိုသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့ကစတင်သည့် ဆီဆိုင်မြို့တွင်း တိုက်ပွဲမှစပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းဦးရေ ၁၀ ဦးကျော်ရှိပြီဟု PNLA ၏ တာဝန်ရှိသူများက ပြောသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ဆီဆိုင်မြို့မြောက်ဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီနှင့် PNA ပူးပေါင်းတပ်ဘက်က ၆ ဦး သေဆုံးခဲ့ပြီး သေနတ် ၆ လက် သိမ်းဆည်းရမိခဲ့သည်ဟု PNLA ထံမှ သိရသည်။
ဇန်နဝါရီလ နောက်ဆုံးအပတ်မှစပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြို့နယ်များနှင့် PNA နယ်မြေစိုးမိုးသည့် ဒေသများတွင် အသက် ၁၈ နှစ် မှ ၄၀ နှစ်အတွင်းရှိ အမျိုးသားများအား လူအင်အား အဓမ္မစုဆောင်းနေသည်ဟု ဒေသခံများက ပြောဆိုသည်။
NMG ပေးပို့သည်။