23 ဧပြီ 2025 /

See today's Peace Related News

သတင်းအညာဒေသတွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ABSDF ဥက္ကဌပြောဆို

အညာဒေသတွင် ပြင်းထန်သောတိုက်ပွဲများ ဖြစ်လာနိုင်ကြောင်း ABSDF ဥက္ကဌပြောဆို

အညာဒေသဟုလူသိများသည့် မြန်မာပြည်အလယ်ပိုင်းဒေသများတွင် ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲက ပြောဆိုသည်။

၂၀၂၅ ခုနှစ်၏ အဓိက ပြည်တွင်းစစ်မျက်နှာပြင်သည် အညာဒေသဖြစ်လာနိုင်သလို စစ်အာဏာရှင်ဖြုတ်ချရေးကို အဆုံးအဖြတ်ပေးနိုင်မည့် တိုက်ပွဲများလည်း ပေါ်ပေါက်လာနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌက ပြောသည်။

“ကျောင်းသားတပ်မတော်အနေနဲ့ ၂၀၂၅ ဟာ ကျနော်တို့တိုင်းပြည်အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အချိုးအကွေ့ကြီးတစ်ခုကိုပေးနိုင်တဲ့ ပိုင်းဖြတ်ချက်တစ်ခုကိုရောက်မယ့် အချိန်တစ်ခုလို့လည်း ကျနော်တို့မြင်တယ်” ဟု ရဲဘော်သံခဲက ပြောသည်။

ဆက်လက်ပြီး ရဲဘော်သံခဲက “အဲဒီဟာနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ ကျနော်တို့တတွေ အဓိက စစ်မျက်နှာဟာ ပြည်တွင်းစစ်မျက်နှာ ဖြစ်လာလိမ့်မယ်လို့ မြင်တယ်။ အဲတော့ ပြည်တွင်းစစ်မျက်နှာလို့ ပြောရင် အခုနကပြောတဲ့ ဧရာဝတီ၊ ချင်းတွင်း မြေပြန့်ဒေသကြီးဟာ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူလူထုနဲ့ တကယ့်ကို ရေထဲမိုးထဲ ကျနော်တို့ အဆုံးအဖြတ် ပေးမယ့် တိုက်ပွဲတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်” ဟု ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း စသည့် တိုင်းဒေသကြီးများသည် အညာဒေသထဲတွင်ပါဝင်ပြီး အဆိုပါ တိုင်းဒေသကြီးများထဲ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကျောင်းသားတပ်မတော် ABSDF အနေဖြင့် အညာဒေသထဲတွင် စစ်ရေးလှုပ်ရှားမှုရှိနေပြီး အဆိုပါ ဒေသအတွင်းက သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများနှင့် အတူတကွပူးပေါင်းပြီး စစ်အာဏာရှင်ကို တော်လှန်သွားမည်ဟု ဆိုသည်။

ရဲဘော်သံခဲက “အညာဒေသမှာရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့မက ဒတကျောင်းသားတပ်မတော်ဟာ ရင်းရင်းနှီးနှီးလက်တွဲပြီး တိုက်ပွဲဝင်မှာဖြစ်သလို ကျနော်တို့နားလည်ခဲ့တဲ့ နိုင်ငံရေးအသိတွေ ကျနော်တို့နားလည်ခဲ့တဲ့ လူထုစည်းရုံးရေးအသိတွေ ကျနော်တို့နားလည်ခဲ့တဲ့ စစ်ရေးအသိ တွေကို ပေါင်းစပ်ဖလှယ်မယ်။ ကျနော်တို့ မျှဝေမယ်။ ကျနော်တို့ အတတ်နိုင်ဆုံး ကျနော်တို့အားလုံးကြားမှာ ထိန်းညိပြီးတော့မှ အားလုံးစည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်နိုင်ဖို့အတွက် ကြိုးပမ်းသွားမယ်လို့ ဒီနေရာကနေပြီးမှ ပြောလိုပါတယ်” ဟု ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် အညာဒေသတွင် စစ်ကောင်စီတပ်၏ အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်ရန်နှင့် ဒေသခံပြည်သူများကို အကာအကွယ်ပေးရန်ဆိုပြီး ဒေသအတွင်း၌ ကာကွယ်ရေးတပ်ဖွဲ့များ အများအပြား ပေါ်ပေါက်လာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များ ရှိသကဲ့သို့ NUG လက်အောက်က မဟုတ်သော ရပ်ရွာအခြေပြု ဒေသန္တရကာကွယ်ရေးတပ်များလည်း ပေါ်ပေါက်လာခဲ့သည်။

တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း မကြာခင်တွင် အထွေထွေ ထိုးစစ်ကြီးတရပ် ဆင်နွဲရန်ပြင်ဆင်နေသည်ဟု မတ်လကုန်ပိုင်းကကျင်းပခဲ့သည့် သင်တန်းဆင်းပွဲ တစ်ခုတွင် ထည့်သွင်းပြောဆိုထားသည်။

NMG ပေးပို့သည်။