အင်းလေးဒေသတွင် စစ်မှုထမ်းအသုံးစားရိတ်ကို အုပ်ချုပ်ရေးမှူးများက ၎င်းတို့နေအိမ်သို့ လာရောက်ထည့်ခိုင်းနေ

0
159
ပုံစာ - အင်းလေးဒေသ

ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းအသုံးစရိတ် မကောက်ခံရဲသောကြောင့် ၎င်းတို့၏အိမ်တိုင်ရာရောက် လာရောက်ထည့်ခိုင်းနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ခေါင်တိုင်ကျေးရွာအုပ်စုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ရွာသူကြီးများမှာ မတ်လနောက်ဆုံးအပတ်က စတင်ပြီး စစ်မှုထမ်းအသုံးစရိတ် ကောက်ခံနေခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

သို့သော် ၎င်းတို့အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ တစ်အိမ်တက်ဆင်း မကောက်ခံရဲသည့်အတွက် အုပ်ချုပ်ရေးမှူး ဦးကျော်သူရ၏ နေအိမ်သို့ အိမ်တိုင်ရာရောက်လာထည့်ခိုင်းနေသည်ဟု ရွာခံများက ဆိုသည်။

ခေါင်တိုင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက “သူကိုယ်တိုင်လည်း မကောက်ရဲဘူး။ လာမထည့်ရင် ရွာသားစာရင်း ပယ်ဖျက်ပြီး သာရေး၊ နာရေးတွေ မပါဝင်ရတော့ဘူး ပြောတယ်။ မြို့မှာဆိုရင်တော့ အကြောင်း မဟုတ်ဘူးလေ။ ရွာမှာဆိုရင်တော့ သာရေး၊ နာရေးက လွတ်ကင်းလို့မရတော့ တော်တော် များများ ထည့်ကြပါတယ်” ဟု ပြောသည်။

အိမ်ထောင်စုတစ်စုလျှင် လူတန်းစားအပေါ် မူတည်၍ လုပ်ငန်းရှင်အတွက် ကျပ် ၁၅,၀၀၀၊ လူလတ်တန်းစား အတွက် ကျပ် ၁၀,၀၀၀၊ အောက်ခြေလူတန်းစားအတွက် ကျပ် ၅,၀၀၀ စီ အသီးသီးကောက်ခံ သွားမည်ဖြစ်ပြီး ဧပြီလဝက်ကျော်သည့်အထိ မထည့်ဝင်သူများအား ဒဏ်ကြေး ၃ ဆ သတ်မှတ်မည်ဟု ကျေးရွာနေပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ခေါင်တိုင်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၃၅ ရွာ၊ အိမ်ခြေပေါင်း ၂,၀၀၀ နီးပါး ရှိရာ သိန်း ၂၀၀ ကျော် ရရှိသည် အထိ အုပ်ချုပ်ရေးက ရည်မှန်းထားသည်ဟု ဆိုသည်။

အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက “အင်းလေး PDF ကလည်း စာထုတ်ထားတယ်။ အုပ်ကြီးတွေလည်း အသတ်ခံနေရတော့ လန့်တာပေါ့။ စစ်မှုထမ်းစာရင်းတောင် မကောက်ရဲဘူး။ ရွာထဲတောင် မထွက်တော့ဘူး။ စစ်တပ်က နုတ်ထွက်ခွင့်လည်း မပေးဘူး” ဟု ပြောသည်။

မတ်လဆန်းပိုင်းကတည်းက အင်းလေးဒေသရှိ ကျေးရွာအများစုတွင် အုပ်ချုပ်ရေးမှုးများက စစ်မှုထမ်းမည့် လူစာရင်း ကောက်ယူနေပြီး သင်္ကြန်ကာလအပြီး မဲနှိုက်၍ ကျေးရွာအုပ်စုတစ်ခုကို ၃ ဦးနှုန်းဖြင့် စစ်မှုထမ်း ခေါ်ယူသွားမည်ဟု ပြောဆိုထားသည်။

ထို့ကြောင့် အင်းလေးဒေသရှိ လူငယ်အများစုမှာ လက်နက်ကိုင်တိုက်ပွဲဝင်ရန်အတွက် တော်လှန်ရေးတပ်ဖွဲ့များထံ သွားရောက်ခိုလှုံကြပြီး အချို့ငွေကြေးပြေလည်သူများမှာ ပြည်ပသို့ သွားရောက်ခိုလှုံကြသည်ဟု စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သူများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here