စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ် အင်းတော်မြို့နယ်ထဲက မော်လူးမြို့ရှိ စစ်ကောင်စီတပ် လက်အောက်ခံ ရဲစခန်းကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်သား၆ ဦး အရှင်ဖမ်းမိထားတယ်လို့ အင်းတော်ကာကွယ်ရေးတပ်များက ပြောသည်။
မော်လူးမြို့ မြမင်္ဂလာရပ်ကွက်ရှိ စစ်ကောင်စီစစ်သားများနှင့် ရဲများပူးပေါင်း တပ်ထိုင်သည့် မော်လူးရဲစခန်းကို ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်း ၂ နာရီမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကျောင်းသားတပ် (ABSDF)နဲ့ အင်းတော် PDF တပ်များက ပူးပေါင်းသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများတဲ့အပြင် စစ်သား ၆ ဦးလည်း အရှင်ဖမ်းမိထားတယ်လို့ အင်းတော် PDF တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“ဒီနေ့မနက် ၂ နာရီကနေ စဝင်တိုက်တာ စခန်းကိုတော့ မနက် ၇ နာရီမှာ သိမ်းပြီးတယ်။ စခန်းကိုတော့ မီးတွေနဲ့ ရှို့ထားလိုက်တယ်။ စစ်ကောင်စီတပ်သား သေတာလည်း များတယ်။ နောက်ပြီး စစ်သား ၆ ယောက်က အရှင်ဖမ်းမိထားတယ် သူတို့ကိုတော့ သုံ့ပန်းအနေနဲ့ ထားထားတယ်” လို့ ၎င်းက ပြောသည်။
ဆက်လက်ပြီး “အခုဒီဘက်ကနေ နယ်မြေရှင်းလင်းရေး လုပ်နေတုန်းမို့ အခြေအနေအသေးစိတ် မသိရသေးဘူး။ တချို့က ထွက်ပြေးသွားတယ်။ လက်နက်ခဲယမ်းတွေလည်း အများကြီးရထားတယ်” လို့ အဆိုပါ အင်းတော် PDF တာဝန်ရှိသူက ဆိုသည်။
မော်လူးရဲစခန်းကို စခန်းသိမ်းတိုက်ပွဲ မဆင်နွှဲမှီ တော်လှန်ရေးအင်အားစုများဘက်က လက်နက်ချ အညံ့ခံကြဖို့ အသိပေးခဲ့ပေမယ့် လက်နက်ချ အညံ့မခံတာကြောင့် အခုလို တက်သိမ်းလိုက်တာလို့လည်း ၎င်းက ပြောပါသည်။
စခန်းသိမ်းအပြီး မနက် ၇ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးနဲ့ မော်လူးမြို့ကို ဗုံးသီး ၂ လုံး ကြဲချပြီး လေယာဥ်ပေါ်ကနေလည်း စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုသည်။
မော်လူးမြို့ ဒေသခံပြည်သူများသည် မနက် ၅ နာရီခွဲလောက် ကတည်းက မြို့ကို စွန့်ခွာထွက်ပြေးသွားကြတာကြောင့် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု မရှိပေမယ့် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးမှာ လက်နက်ကြီးစထိမှန် ဒဏ်ရာရသွားတယ်လို့ သိရသည်။
KNG ပေးပို့သည်။