28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းအင်းတော်မြို့ရှိဒေသခံများအား နေအိမ်များပြန်လည်ပြုပြင်ရန် မြို့တွင်းပြန်ဝင်ခွင့်ပြု

အင်းတော်မြို့ရှိဒေသခံများအား နေအိမ်များပြန်လည်ပြုပြင်ရန် မြို့တွင်းပြန်ဝင်ခွင့်ပြု

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်ကြားထိစပ်နေသည့် အင်းတော်မြို့ရှိဒေသခံများအား မြို့အတွင်း၌ ပျက်စီးနေသည့် အဆောက်အဦးနှင့်နေအိမ်များအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် မြို့အတွင်းကို ပြန်လည်ဝင်ခွင့်ပြုပေးထားသည်ဟု ဒေသခံများပြောဆိုမှုအရ သိရသည်။

အင်းတော်မြို့ကို ဧပြီလက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကချင်လွတ်မြောက်ရေးတပ် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များက မြို့အားသိမ်းပိုက်ပြီး တစ်လကျော်အကြာမှပင် အင်းတော်မြို့ခံများကို ဝင်/ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တို့က မြို့အားသိမ်းပိုက်ပြီးနောက် မေလအစတွင် အင်းတော်မြို့တွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

စစ်ဘေးတိမ်းရှောင်နေသည့် အင်းတော်မြို့သားတစ်ဦးက “သိမ်းစရာရှိတာလေးတွေတော့ သိမ်းနေကြတယ်၊ ကိုယ့်အိမ် သူ့အိမ်ပေါ့။ မြို့ခံတွေတော့ ဘယ်ချိန်ဝင်ဝင်ရတယ်ဗျ ဖွင့်ထားပြီ။ မြို့က လမ်းပြန်ဖွင့်တာမသိသေးတဲ့ ကားသမားတွေတော့ ကွင်းလမ်းကိုမောင်းနေကြတုန်းပါ့။ တချို့လည်းစိတ်မချလို့ အင်းတော်မဖြတ်ဘဲ ကွင်းလမ်းပဲသွားနေကြတုန်း” ဟု ပြောဆိုသည်။

အင်းတော်ဒေသခံများက ၎င်းတို့၏နေအိမ်များ၌ ဝင်ရောက်နေထိုင်ခြင်းမပြုသေးခင် ပရိဘောဂပစ္စည်းများ ဝင်ရောက်သိမ်းဆည်းခြင်း၊ အပျက်အစီးများ ကြည့်ရူစစ်ဆေးခြင်း၊ နေအိမ်ပြုပြင်ခြင်းတို့ ပြုလုပ်နေကြပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ၉ လကျော်ကြာ ပိတ်ထားခဲ့သည့် မန္တလေး – အင်းတော် – မြစ်ကြီးနားလမ်းပိုင်းကို မေလ ၄ ရက်နေ့ကစပြီး ပူးပေါင်းတပ်ဖွဲ့များက ခရီးသွားများကို ပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း အင်းတော်မြို့ခံများက ပြောသည်။

ထိုသို့ လမ်းပိုင်းအား ပြန်ဖွင့်လှစ်ပေးခဲ့သော်လည်း ခရီးသည်ယာဉ်လိုင်းအများစုသည် လုံခြုံရေးအခြေအနေကြောင့် ကွင်းလမ်းဘက်သို့သာ ဖြတ်သန်းသွားလာနေကြဆဲဖြစ်ကြောင်း ယာဉ်လိုင်းပြေးဆွဲသူများနှင့် ခရီးသွားများက ပြောဆိုသည်။

“ စိတ်မချတာတော့ ဟုတ်မယ်၊ မနက်ကတင် လေယာဉ်နဲ့ကြဲသွားသေးတာ။ မြို့ထဲကိုပဲဗျ အထိအခိုက်တော့ မသိရသေးဘူးဗျ” ဟု မြို့အနီးနေထိုင်သူတစ်ဦးက မေလ ၁၄ ရက်နေ့ မနက်ပိုင်း၌ အင်းတော်မြို့တွင်းကို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုပြုခဲ့သည့် အခြေအနေကို ပြောပြသည်။

အင်းတော်လမ်းပိုင်း ပြန်လည်ဖွင့်ပြီးနောက် ယခုရက်ပိုင်းဖြတ်သန်းသွားလာနေသူ အမျိုးသားခရီးသည်တချို့ ပျောက်ဆုံးမှုလည်း ရှိနေတာကြောင့် ဖြတ်သန်းခြင်းပြုလုပ်ရန် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်နေရသည်ဟု ခရီးသွားတချို့က ပြောဆိုကြသည်။

ရှမ်းနီအသံ ပေးပို့သည်။