အင်းတော်မြို့မှ အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ချမှတ်

0
564
ပုံစာ - စစ်ကောင်စီက အင်းတော်မြို့နယ်မှ အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးကို သေဒဏ်ချမှတ်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင် အင်းတော်မြို့နယ်မှ အမျိုးသမီးတစ်ဦး အပါအဝင် လေးဦးကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က)၊ ၅၂(ခ) တို့ အရ သေဒဏ် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သြဂုတ်လ ၂၂ ရက်နေ့ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

နမခ ခေါ် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ထိန်းချုပ်မီဒီယာတစ်ခု၏ ထုတ်ပြန်ချက်အရ ၎င်းတို့ ၄ ဦးကို လက်နက်ခဲယမ်း သယ်ဆောင်မှု သတင်းပေးရန် ပျက်ကွက်မှုတို့ဖြင့် Martial Law ဥပဒေဖြင့် စစ်ခုံရုံးတင် စစ်ဆေး ခဲ့ပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉ (က)၊ ၅၂(ခ) တို့ အရ သြဂုတ်လ ၁၈ ရက်နေ့တွင် ထိုသို့သေဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

သေဒဏ် ပြစ်ဒဏ်များ ချမှတ်ခံရသူများမှာ အင်းတော်မြို့နယ်မှ မမြင့်မြင့်အေး (ခ) အေးအေး ၊ ဇော်မျိုးထွန်း(ခ) တိုနီ ၊ ကျော်ကျော်မိုး (ခ) လားလား ၊ ကျော်စွာဝင်း (ခ) ကျော်စွာတို့ ဖြစ်ကြောင်း နမခ ထိန်းချုပ်မီဒီယာတစ်ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီက ကောလင်းမြို့နယ်မှ သိန်းစိုးနိုင်အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂(က) တို့ အရ ထောင်ဒဏ်တစ်သက် ၊ ကောလင်းမြို့နယ်မှ ဆန်းထူးနှင့် ရေဦးမြို့နယ်မှ မစုမွန်ကျော်တို့အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (ခ) အရ ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သြဂုတ်လ ၂၃ ရက်နေ့ အထိ ထုတ်ပြန်ချက်များအရ အနောက်မြောက်ပိုင်းတိုင်း (နမခ) စစ်ဌာနချုပ်လက်အောက် နယ်မြေရှိ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်အတွင်း စစ်အုပ်ချုပ်ရေး ( Martial Law) ဥပဒေဖြင့် အရေးယူထားသည့် အမှုပေါင်း ၂၁၈ မှု ရှိပြီ ဖြစ်ကြောင်း စစ်ကောင်စီမီဒီယာများ၏ ထုတ်ပြန်ချက်များမှ တဆင့် သိရသည်။

စစ်ကောင်စီ အုပ်ချုပ်ရေးကာလ သက်တမ်း ၆ လ နောက်ထပ်မံ တိုးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့ နောက်ပိုင်းမှ စ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့် ဆက်စပ် ပတ်သက်သူများကို ပြင်းထန်သည့် ပြစ်ဒဏ်များဖြင့် ဆက်တိုက် ဆိုသလို ချမှတ်လာသည်ကို တွေ့ရကြောင်း ဒေသခံတချို့က သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

ကသာမြို့ခံတစ်ဦးက “ဒီလ စစ်ကောင်စီ သက်တမ်းတိုးပြီးနောက်ပိုင်း ပိုပြီးတင်းကြပ်လာတယ်လို့ မြင်တယ်။ စစ်သင်္ဘာတွေနဲ့ အထက်ပိုင်းကို စစ်အင်အားဖြည့်လာတာတွေလည်း များတယ်။ ပြီးကျတော့ PDF တွေနဲ့ ဆက်စပ်တဲ့ လူတွေကို ဖမ်းမိလို့ပေးတဲ့ ပြစ်ဒဏ်တွေကလည်း တော်တော်လေး ပြင်းထန်လာတာ တွေ့ရတယ်” ဟု ပြောဆိုသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here