အင်းတော်မြို့နယ်အတွင်းရှိ တံတားတစ်စင်း ထပ်မံဖောက်ခွဲခံရ

0
265
အင်းတော်မြို့နယ်အတွင်းရှိ တံတားတစ်စင်း ထပ်မံဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော် ဗန်းမောက်ကားလမ်းပိုင်း အင်းကျေးရွာအနီးရှိ တံတားတစ်စင်း ဇူလိုင်လ ၁၅ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် ဖောက်ခွဲခံရကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

“ပြိုတော့ မကျသွားဘူး၊ အပေါက် ဖြစ်သွားတယ် ၊ သွားလာလို့တော့ ရသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါတံတားသည် ဗန်းမောက် အင်းတော် လမ်းပိုင်းတွင် ထပ်မံဖောက်ခွဲဖျက်စီးခံရသည့် တံတားတစ်စင်းဖြစ်သည်ဟု ယင်းဒေသခံက ဆက်ပြောသည်။

အဆိုပါတံတားဖောက်ခွဲမှုအား စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်အချို့တွင် KIA/ PDF အဖွဲ့က ပြုလုပ်သည်ဟု စွပ်စွဲရေးသားထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

အလားတူ ဗန်းမောက် အင်းတော် လမ်းပိုင်းရှိ တုံစီတံတားသည် ဇွန်လ ၁၆ ရက်နေ့က ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးနောက် လက်ရှိအချိန်တွင် ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အင်းတော် ဗန်းမောက်လမ်းပိုင်း၌ ကုန်ကားများ သွားလာနိုင်ခြင်းမရှိသဖြင့် ဗန်းမောက်မြို့ပေါ်တွင် ကုန်စည်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်ဟု မြို့ခံတို့၏ ပြောဆိုမှုအရ သိရသည်။

“ပိုက်ဆံရှိရင်တောင် အရင်ကလို ဝယ်ချင်တာဝယ်လို့ မရတော့ဘူး” ဟု ဗန်းမောက် ဒေသခံတစ်ဦးက ပြောသည်။

ဗန်းမောက် အနောက်ပိုင်းဒေသ ကြောင်လည်ကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ဇူလှိုင်လ ၁၃ ရက်နေ့မှ စ၍ စစ်ရေးတင်းမာနေကြောင်း ဒေသခံများက ပြောသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here