စစ်ကိုင်းဒေသကြီးအထက်ပိုင်း အင်းတော်မြို့နယ် မန္တလေး-မြစ်ကြီးနား ကားလမ်းအနီးရှိ ပင့်တင်ကျေးရွာ ကျောင်းထိုင်ဆရာတော်အား ကျေးရွာအနီးတွင် အခြေချထားသည့် KIA၊ PDF တပ်ဖွဲ့များက စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁ ရက် မွန်းလွဲ ၂ နာရီတွင် အင်းတော်မြို့နယ်၌ သံဃာတော်တစ်ပါး သတ်ဖြတ်ခံရ၍ ပျံလွန်တော်မူသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစီစစ်ခဲ့ရာ စက်တင်ဘာလ ၂၆ ရက်နေ့တွင် အင်းတော်မြို့နယ် ပင့်တင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဉီးဉာဏိက (သက်တော် ၅၃ နှစ်) (ဝါတော် ၃၃ ဝါ) အား KIA အဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီတွင် ပင်းငယ်ကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး လယ်တောစပ်၌ ဆရာတော်အား ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ နှစ်ချက်ဖြင့် ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပင့်တင်ကျေးရွာ ဆရာတော်ဦးဉာဏ်ဏိက အသတ်ခံရပြီးနောက်ပိုင်း ဆရာတော်အလောင်း သွားရောက် ကောက်ယူရန် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက အကြောင်းကြားလာသည့်အတွက် အလောင်းအား သွားရောက်ကောက်ယူခဲ့ပြီး နေရာမှာပင် မီးသင်္ဂြိုလ်ခဲ့ကြောင်း ဒေသခံ သံဃာတော်တစ်ပါးက မိန့်ဆိုသည်။
“၂၉ ရက်နေ့ ကြတော့ သတ်တယ်လို့ပြောတာ အသံကြားတာပါ။ ဒါပေမယ့် ဘယ်သူမှလည်း မကောက်ချေဘူး။ ကောက်လာတော့ဆိုပြီး ပြောလိုက်လို့ သွားကောက်ချေတာ။ အဲ့ဒါ မယူခဲ့တော့ဘူးလေ ၊ ဘယ်သူမှ မယူခဲ့တော့ဘူး။ အဲ့နားမှာပဲ သင်္ဂြိုလ်ထားခဲ့တာ။ မနေ့တစ်နေ့ကမှ သင်္ဂြိုလ်လိုက်ရတာလေ” ဟု အဆိုပါ ပင့်တင်ကျေးရွာနှင့် နီးစပ်သည့် သံဃာတော်တစ်ပါးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် သတင်းမီဒီယာများတွင်လည်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် ဒေသကာကွယ်ရေးတပ် PDF များက ဆရာတော်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆို ရေးသားမှုများ ရှိနေသော်လည်း သက်ဆိုင်ရာအဖွဲ့ထံမှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ယခုဖြစ်ရပ်မတိုင်မီ ဆရာတော်သီတင်းသုံးသော ကျောင်းတိုက်သို့ ၂၀၂၃ ဇွန်လက သတိပေးစာ ပစ်ခံရသဖြင့် ဆရာတော်က ရှောင်တိမ်းခဲ့သေးကြောင်းလည်း ဆရာတော်နှင့်အတူ ရှိခဲ့ဖူးသူတစ်ဦး၏ ပြောဆိုမှုအရ သိရသည်။
“ အလှူပွဲလား ဘာလဲ မသိဘူး လုပ်တော့၊ သူ့ကို တရားဟောခိုင်းတဲ့အခါကျတော့ သူက သစ်ပင်တစ်ပင်မှာပေါ့ကွာ အနီနဲ့ အစိမ်းနဲ့ ရှိတယ်ပေါ့လေ၊ အစိမ်းတွေကတော့ ဝေဖြာဦးမှာပေါ့လေနော၊ အနီဆိုတဲ့အမျိုးကတော့ မကြာခင် ကြွေမှာပေါ့လေ၊ အဲ့ဒါလည်း ဟောပြီးတဲ့အခါကြတော့ သူက ဝါမဝင်ခင် တစ်လလောက်အလို သူ့ဘုန်းကြီးကျောင်း ကို စာပစ်တာပါ့အေ” လို့ ဆရာတော်နှင့် အတူရှိခဲ့ဖူးသူက ပြောသည်။
ပင့်တင်ဆရာတော် ဦးဉာဏ်ဏိကသည် စာအပစ်ခံရပြီးနောက် ပင့်တင်ကျေးရွာမှနေ၍ တိမ်းရှောင်သွားခဲ့ပြီး ဝါတွင်းကာလတွင် ကျေးရွာရှိ ဒါယိကာ၊ ဒါယိကာမများက အာမခံကြောင်း ပြန်လည်ပင့်လျှောက်မှုကြောင့် ကျောင်းသို့ပြန်လာ၍ ဝါဆိုခြင်းဖြစ်ကြောင်းလည်း သိရသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ် မံစီကြီးဒေသစိတ် နောင်ပါတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ရှမ်းနီစာပေယဉ်ကျေးမှု နာယကဆရာတော် ဦးဂန္ဓမာသည်လည်း ၄.၉.၂၀၂၂ ခုနှစ်တွင် KIA၊ PDF အဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း ရှမ်းလူမှုရေးအသင်းအဖွဲ့ ၂၈ ဖွဲ့က ထုတ်ပြန်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး စတင်ခဲ့သည်မှစ၍ တစ်နိုင်ငံလုံး၌ သံဃာတော် ၈၈ ပါးနှင့် သီလရှင်ဆရာကြီး တစ်ပါးတို့ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။