16 ဧပြီ 2025 /

See today's Peace Related News

သတင်းအင်းတော်မြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းနိုင်ကြောင်း NUG ထုတ်ပြန်

အင်းတော်မြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းနိုင်ကြောင်း NUG ထုတ်ပြန်

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်၊ အင်းတော်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ (၇) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၈ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။

အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ (၂) လက်၊ ၁၂၀ မမ (၂) လက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများ၏ ရုပ်ပုံများကို NUG က ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အစီအစဉ်များဖြင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပူးပေါင်းကာ ၈ လကျော်ကြာ စစ်ပွဲဆင်နွဲခဲ့ခြင်းဖြစ်ကြောင်း NUG က ဆိုသည်။

အင်းတော်မြို့သိမ်းတိုက်ပွဲဆင်နွဲရာတွင် စစ်ကောင်စီ၏ စစ်ကူများ၊ ရိက္ခာများကို ဖြတ်တောက်နိုင်သဖြင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားသည့် ဖိအားကို မခံနိုင်ဘဲ စခန်းစွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အင်းတော်မြို့၏ မြို့ဧရိယာအများစုကို ၂၀၂၄ ခုနှစ်ကုန်ပိုင်း၌ NUG က တိုက်ခိုက်သိမ်းပိုက်ထားခဲ့ပြီး ဂျပန်လိုဏ်ဂူတွင် အခြေစိုက်ထားသည့် စစ်ကောင်စီစခန်းတစ်ခုသာကျန်ရှိပြီး ထိုစခန်းကို လနှင့်ချီကြာ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

လချီကြာ အင်းတော်မြို့သိမ်းတိုက်ပွဲကို NUG လက်အောက်ရှိ မိုးညှင်း၊ ကလေး၊ ကသာ၊ ဗန်းမောက်၊ ရွှေဘို၊ ပြင်ဦးလွင်၊ ပခုက္ကူ၊ မြင်းခြံ၊ စစ်ကိုင်း စသည့် စစ်ကိုင်းတိုင်းထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကျောင်းသားတပ်မတော် (ABSDF) တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၈ လကျော်ကြာ တိုက်ပွဲတွေကြောင့် အင်းတော်မြို့ဒေသခံ ထောင်နှင့်ချီသည် မိုးညှင်းမြို့၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့တွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး တချို့ဒေသခံများမှာ အင်းတော်မြို့နယ်က ကျေးလက်ဒေသတချို့တွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။

“ကျွန်မတို့လည်း ဒီပြင်ဦးလွင်ဘက်မှာ စစ်ရှောင်နေတာ၊ သူတို့ (စစ်ကောင်စီ) က ဂျပန်လိုဏ်ဂူမှာရှိတယ်။ အခု သိမ်းသွားတာကိုတော့ မသိသေးဘူး၊ ဖုန်းလိုင်းတွေ အဆက်အသွယ်တွေက မရဆိုတော့လေ” ဟု ပြင်ဦးလွင်မြို့တွင် စစ်ဘေးတိမ်းရှောင်နေသည့် အင်းတော်မြို့ခံတစ်ဦးက ပြောဆိုသည်။

အင်းတော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ပြီးနောက် အင်းတော်မြို့ကို ဆက်လက်အုပ်ချုပ်သွားမည့် အခြေအနေကို NUG က ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

အင်းတော်မြို့သည် စစ်ကောင်စီ၏တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေပြုရာမြို့ဖြစ်သလို မြစ်ကြီးနား-ရွှေဘို ဗျူဟာလမ်းမပေါ်က မြို့တစ်ခုလည်းဖြစ်သည်။

အင်းတော်မြို့နယ်ထဲက မော်လူးမြို့ကို ၂၀၂၃ ခုနှစ်မှာ ကျောင်းသားတပ်မတော် ABSDF နှင့် NUG လက်အောက်ခံတပ်များက ပူးပေါင်းသိမ်းပိုက်ထားနိုင်ခဲ့သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း ကသာခရိုင်တွင်းက အင်းတော်မြို့နယ်၊ ကောလင်းခရိုင်အတွင်းက ပင်လည်ဘူးမြို့နယ်၊ တမူးမြို့နယ် ခမ်းပတ်မြို့၊ မြို့သစ်မြို့၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့တွေကို NUG က သိမ်းပိုက်ထားသည်။

ရှမ်းနီအသံ ပေးပို့သည်။