အင်းတော်ဒေသတွင် စစ်ကောင်စီနှင့် KIA၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်

0
412
ပုံစာ - အင်းတော်၊ နဘားကျေးရွာနှင့်မော်လူးတိုက်နယ်အကြား စစ်ကောင်စီနှင့် KIA၊PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား။

စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ် နဘားကျေးရွာနှင့် မော်လူးတိုက်နယ်အကြား နားမကျိုင်းလမ်းဆုံ အနီးတွင် စက်တင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီနှင့် KIA၊PDF ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မော်လူးဒေသခံတစ်ဦးက “နားဘားနားလေးမှာလို့ ပြောတယ်။ ကားတွေကတော့ဖြတ်လို့ ရပြီလား ရသလား ရမလား မပြောတတ်ဘူး။ မနေ့က တစ်နေကုန်နီးပါးပဲ၊ နားဘားနားမှာဖြစ်တာပေါ့Ó ဟု ပြောဆိုသည်။

အဆိုပါတိုက်ပွဲကြောင့် လက်နက်ကြီး ပစ်ခတ်သံများအား ဗန်းမောက်မြို့နယ်အတွင်းအထိ ကြားရကြောင်း ဒေသခံများက ပြောဆိုသည်။

“အသံအကျယ်ကြီးတွေ ကြားရတယ် ၊ လေယာဉ်နဲ့ကျဲတယ် ထင်တာပဲ မြေကြီးတောင်တုန်တယ်” ဟု ဗန်းမောက် မြို့နယ်တွင်းက ပြည်သူတစ်ဦးက အတည်ပြုပြောသည်။

တိုက်ပွဲကြောင့် အင်းတော်-မော်လူး လမ်းပိုင်းအား ယာယီပိတ်ထားခဲ့ရပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှ ဖြတ်သန်းသွားလာ၍ရကြောင်း အဆိုပါခရီးကို သွားလာခဲ့သည့် ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။
တိုက်ပွဲကြောင့် နဘားဒေသခံတချို့ တိမ်းရှောင်ထွက်ပြေးရခြင်းများ ရှိသော်လည်း စာရင်းအတိအကျကို မသိရှိရသေးပါ။

အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုခြင်း မရှိသေးသကဲ့သို့ ဆက်သွယ်၍လည်း မရသဖြင့် အသေးစိတ်အခြေအနေအား သိရှိရခြင်းမရှိသေးပေ။

အင်းတော်မြို့နယ်အတွင်း ပြီးခဲ့သည့် ဩဂုတ်အတွင်းက စစ်ကောင်စီနှင့် KIA၊PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ ၄ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတချို့လည်း နေရပ်မပြန်နိုင်ကြသေးကြောင်း စုံစမ်းသိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here