အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုတို့ကို ခံစားနေရသည့် အမျိုးသမီးများကို အကာအကွယ်ပေးနိုင်မည့်ယန္တရား တည်ဆောက်ရန် လိုအပ်ပြီဟု IEC ပြောဆို

0
142
ပုံစာ - ကရင်နီစစ်ဘေးရှောင်စခန်းတခုမှ အမျိုးသမီးစစ်ရှောင်တချို။

မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် တဆင့်နှိမ့် ခွဲခြားဆက်ဆံမှုအပြင် အကြမ်းဖက်မှုများတျကိုပါခံနေရသည့် အမျိုးသမီးများကို အကာအကွယ်ပေးနိုင်မည့်ယန္တရား တည်ဆောက်ရန် လိုအပ်ပြီလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ လူသားချင်းစာနာမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ဌာနမှူးကြီး ခွံ့မာတီးယာက ပြောသည်။

ထိုသို့အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုမရှိအောင် လုပ်ငန်းယန္တရား တည်ဆောက်ရာတွင် လည်း အမျိုးသားများက ပါဝင်ဖော်ဆောင်ရန် အရေးကြီးကြောင်း ဌာနမှူးကြီး ခွံ့မာတီးယာက တိုက်တွန်းသည်။

“ အိမ်တွင်းမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်တွေမှာပဲဖြစ်ဖြစ်၊ ဘာသာရေးတွေမှာပဲဖြစ်ဖြစ်ပေါ့နော။ ဥပမာ လုပ်ငန်းခွင် တွေမှာ အမျိုးသမီးတွေကို တဆင့်နှိမ့် နေရာပေးတာမျိုးတွေ၊ ကျနော်တို့ရဲ ယဥ်ကျေးမှုတွေ ဘာသာရေးတွေမှာ ပြန်ကြည့်ရင် အထွတ်အမြတ်ထားတဲ့ နေရာတွေမှာ အမျိုးသမီးတွေကို ပါဝင်ခွင့်မပေးတာမျိုးတွေ၊ ကန့်သတ်ထား တာမျိုးတွေ မသိမသာ ဒီလိုမျိုးခွဲခြားဆက်ဆံတဲ့ဟာကတော့ ရှိနေတယ်” ဟု ခွံ့မာတီးယာက ဆိုသည်။

အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုသည် မိသားစုတွင်းကနေတဆင့် ပြင်ပလူမှုအသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်မှုရှိနေကြောင်းနှင့် အလားတူ အကြမ်းဖက်မှုကိုလည်း ပဋိပက္ခကာလတွင် ပုံစံအမျိုးမျိုးနှင့် ကျူးလွန်နေကြပြီး ကျူးလွန်သူများသည် အပြစ်ကင်းလွတ်ခွင့်ရနေကြဆဲဖြစ်သည်ဟု ခွံ့မာတီးယာက ပြောသည်။

“အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေ အမျိုးသားတွေလုပ်လာတဲ့အခါမှာ ဥပဒေအရ အပြစ်ပေး အရေးယူဆောင်ရွက်မှုတွေ အရမ်းအားနည်းတယ်ပေ့ါလေ။ အထူးသဖြင့် ဒီစစ်ပဋိပက္ခကာလမှာဆိုလို့ရှိရင်တော့ အမျိုးသမီးတွေအပေါ်မှာ လူမသိသူမသိ အကြမ်းဖက်လိုက်ပြီးတော့မှ ဒီဟာအတွက် သမာသမတ်ကျတဲ့ ဖြေရှင်းနည်းတွေ ဖြေရှင်းရမယ့်နေရာတွေက ဒီဟာတွေက အခွင့်အလမ်းမရှိတော့တာမျိုးတွေပေါ့နော” ဟု ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းကာလ၌ အမျိုးသမီးများအပေါ် လိမ်လည်ကာမရယူသည့် ဖြစ်စဥ်များလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ဟု ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) က ပြောဆိုထားသည်။

တဖက်တွင်လည်း တိုင်းရင်းသားတို့၏ ထုံးတမ်းအစဥ်အလာအရ နှစ်ဦးနှစ်ဖက်ကြား သဘောတူညီမှုယူကာ ငွေ သို့မဟုတ် သားကောင်တစ်ခုခု စသဖြင့် လျော်ကြေးပေးပြီး အမှုကို ရပ်ဆိုင်းကြလေ့ရှိသည်ဟု ဆိုသည်။

ထိုသို့ဖြေရှင်းနည်းက နှစ်ဦးနှစ်ဖက်သဘောတူပါက အဆင်ပြေသော်လည်း တဖက်ကသဘောမတူပါက အမျိုးသမီးအခွင့်အရေးကို ထိခိုက်နေသည်။

KyWO ၏ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းစဥ် တာဝန်ခံမယုက ထိုအခြေအနေအပေါ် ယခုလိုပြောသည်။

“ဖြစ်သလိုပဲ လျော်ပေးလိုက်တယ်။ ဖြစ်သလိုပဲ ဝက်ထိုးပေးလိုက်တယ်ပေါ့နော။ တိုက်ရိုက်ပြောရင်တော့ အဲ့လိုကိစ္စတွေတော့ တဖက်ကလည်း မကျေနပ်ဘူး၊ ဒါပေမဲ့ လက်ခံလိုက်ရတယ်။ မလွန်ဆန်နိုင်တဲ့အခါမှာ ပေါ့နော။ ဒီလိုအနေအထားတွေ ဖြစ်လာရင် ဒါကတော့ ဂုဏ်သိက္ခာတွေထိတယ်။ အမျိုးသမီး အခွင့်အရေးတွေကို အများကြီး နစ်နာစေတယ်ပေါ့” ဟု မယုက ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု၊ လိင်အကြမ်းဖက်မှုအပါအဝင် နည်းမျိုးစုံနှင့် အကြမ်းဖက်မှုတို့ကနေ ထိရောက်စွာကာကွယ်နိုင်သည့် ဥပဒေ လိုအပ်နေဆဲဖြစ်သည်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုလျက်ရှိသည်။

ကယန်းအမျိုးသမီးအစည်းအရုံး၏ ၂၀၂၄ ခုနှစ် ၊ သြဂုတ်လ ၆ ရက်နေ့စာရင်းအရ စစ်အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နှင့် ရှမ်းကရင်နီနယ်စပ် ကယန်းဒေသတွင် အိမ်တွင်းအကြမ်းဖက်မှု ၂၅ ရာခိုင်နှုန်းနဲ့ အများဆုံးရှိနေသည်။

သက်ငယ်မှုဒိန်းမှုက ၂၁ ရာခိုင်နှုန်းဖြစ်ပွားနေပြီး ဒုတိယအများဆုံးတွင် ရှိနေသည်ဟု ပါရှိသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here