အကျဥ်းထောင်များအတွင်း နိုင်ငံရေး အကျဥ်းသူ/အကျဉ်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

0
302
Photo - MFP

နိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင်များအတွင်း ဖမ်းဆီးထောင်ချခံထားရသည့် နိုင်ငံရေး အကျဥ်းသူ၊ အကျဥ်းသားများသည် ပုံစံအမျိုးမျိုးဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုခံနေရကြောင်း ထောင်အတွင်းမှ သက်ဆိုင်ရာသို့ ပေးပို့လာသော တင်ပြချက်နှင့် နိုင်ကျဥ်းလေ့လာစောင့်ကြည့်နေသူ အရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခုဇန်နဝါရီလအတွင်း မန္တလေးအိုးဘိုအကျဥ်းထောင်တွင် ခိုက်ရန်ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဥ်းသားတစ်ဦးအား ထောင်အာဏာပိုင်အချို့မှ သံခြေကျင်းခတ် သေလုမျောပါး ရိုက်နှက်ခဲ့သဖြင့် အရေးပေါ်လူနာအဖြစ် ပို့ဆောင်လိုက်ရကြောင်း နိုင်ကျဥ်းလေ့လာစောင့်ကြည့်နေသူ အရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန်ချက်များက ဆိုသည်။

ထောင်တွင်းရှိ ကျန်နိုင်ငံရေးအကျဉ်းသားသူများကို ၂ နှစ်နီးပါး သံခြေကျင်းခတ်ထားခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်ပြောဆိုခြင်း စသဖြင့် လုပ်ဆောင်နေကြောင်း နီးစပ်သူများက လူမှုကွန်ရက်စာမျက်နှာမှတဆင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG အပါအဝင် သက်ဆိုင်ရာသို့ ပေးပို့တင်ပြထားကြောင်း သိရသည်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ နွေဦးတော်လှန်ရေးကာလအတွင်း နိုင်ငံရေးအကျဥ်းသားများ ထောင်အတွင်း ညှင်းပန်းနှိပ်စက်ခံ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းမှာ ထောင်အာဏာပိုင်များနှင့် အခြားတာဝန်ရှိသူများ ပူးပေါင်း၍ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေခြင်းဖြစ်ပြီး ကျုးလွန်သူများအား အပြစ်ပေးအရေးယူသည့် တရားဥပဒေ မရှိသောကြောင့်ဖြစ်ကြောင်း NUG ၏ လူသားချင်းစာနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

“အစိုးရ စစ်တပ်ဆိုတာ သူတို့ကိုအုံကြွတဲ့သူတွေကို မုန်းတီးလေ့ရှိတယ်။ နောက်တစ်ခုက အပြစ်ရှိတဲ့သူက အပြစ်ပေး မခံရတဲ့အတွက် ကျုးလွန်တဲ့သူတွေက သာမန်လုပ်ဆောင်မှုပဲဆိုပြီး လက်ယဥ်လာတယ်။ ထောင်ထဲမှာ တရားဥပဒေ မဖော်ဆောင်နိုင်ဘဲ တရားလက်လွတ်ဖြစ်နေတဲ့အပြင် ဒီဖြစ်ရပ်တွေကို ကူညီစောင့်ကြည့်ဖို့ တာဝန်ရှိတဲ့ ICRC အသင်းကိုလည်း စစ်ကောင်စီက ထောင်ထဲဝင်ခွင့်ပိတ်ပြီး အလုံပိတ်၊ လူသတ်ပွဲ ကျင်းပနေတာပါ” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

NUG ထံသို့ ပေးပို့လာသော ထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုဖြစ်ရပ်များနှင့် ကျုးလွန်သူများ ကိုလည်း နိုင်ငံတော်အသွင်ကူးပြောင်းရေးကာလတွင် ကျုးလွန်ခံရသူများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း ၎င်းက ယခုလိုဆက်ပြောသည်။

“ဒါတွေကို ကျနော်တို့အနေနဲ့ဒီတိုင်းတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ တရားမျှတမှု ဖော်ဆောင်ဖို့ အခုကတည်းက ဖော်ဆောင်ဖို့လိုအပ်တယ်။ ကျုးလွန်တဲ့သူတွေကို ကျနော်တို့ဆီသတင်းပေးဖို့တာတွေရှိတယ်။ နောင်အသွင်ကူးပြောင်းရေးကာလမှာ မြန်မာတစ်နိုင်ငံလုံးက လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြည်သူတွေနဲ့ တန်းတူ ထောင်ထဲမှာ လူသိမခံရဘဲနဲ့ နှိပ်စက်ခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေအတွက် တရားမျှတမှု ဆက်လက်ဖော်ဆောင်ဖို့ အခုချိန်ထိ ဆက်လက်ကြိုးပမ်းနေပါတယ်” ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ထို့အတူ ယခုလ ဇန်နဝါရီ ၁၂ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင်လည်း မွန်ပြည်နယ် ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသားနှစ်ဦး ထောင်အတွင်း ဆေးဝါးကုသမှု ကောင်းမွန်စွာမရရှိသဖြင့် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM ၏ ထုတ်ပြန်ချက်များအရ သိရသည်။

လုံလောက်သော ဆေးဝါးကုသမှုမရရှိသဖြင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးအကျဥ်းသား၊သူ ၁၇ ဦး သေဆုံးခဲ့ရပြီး ထိုသို့လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် အခြေအနေများအတွက် ထောင်ဆေးရုံများတွင် အကျဥ်းသားများအား လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုပေးရန်၊ အရေးကြီးလူနာများကို ပြင်ပဆေးရုံသို့ အချိန်မီပို့ဆောင် ကုသရန်၊ နိုင်ငံခြားဆေးဝါးများ ထောင်ဝင်ပါဆယ်အတွင်း သွင်းခွင့်ပြုရန် တို့ကိုလည်း PPNM က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ-ICRC နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ထည့်သွင်းတောင်းဆိုသည်။

“လက်ရှိမှာ ICRC အဖွဲ့အနေနဲ့ ထောင်ထဲဝင်ခွင့်ရဖို့ စစ်ကောင်စီကို မပြောနိုင်သေးဘူး၊ နိုင်ငံတကာရဲ့ ဖိအားကလည်း နိုင်ငံရေးအကျဥ်းသားတွေကို ကာကွယ်ပေးနိုင်လောက်တဲ့အထိ မစွမ်းဆောင်နိုင်သေးဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ကျနော်တို့အကျဥ်းသားတွေမလွတ်ခင်မှာ ပြည်သူတွေက တတ်နိုင်တဲ့အားနဲ့ ကူညီစောင့်ရှောက်မှုတွေ ဆေးဝါးကုသခွင့်တွေလုံလောက်စွာ ရရှိဖို့ တောင်းဆိုပေးကြမယ်ဆိုရင် ပြန်လွတ်လာတဲ့အခါ သူတို့မိသားစုတွေလက်ထဲကို အကောင်းပကတိ ပြန်ပို့ပေးနိုင်မှာပါ” ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ အထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တော်လှန်ရေးလုပ်ဆောင်သဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ပြည်သူစုစုပေါင်း ၂၅,၈၃၇ ဦး ရှိလာပြီး လက်ရှိအချိန်ထိ စစ်ကောင်စီက ထိန်းသိမ်းထားသော ၁၉,၉၃၆ ဦး အနက် ၈,၅၁၂ ဦးမှာ အကျဥ်းထောင် အသီးသီး၌ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများ စောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here