စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်ရှိ ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ်များက ပြန်လည်ထိန်းချုပ် နိုင်ပြီဟု စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ရေးသားနေကြသော်လည်း ဒေသခံများနှင့် မြေပြင်အခြေအနေ စုံစမ်းမေးမြန်းချက်များအရ ထိန်းချုပ်နိုင်ခြင်း မရှိကြောင်း စုံစမ်းသိရသည်။
“တစ်မြို့လုံးတော့ မရသေးပါဘူး ၊ မြို့တစ်ဝက်ကိုတော့ ရထားပြီ” ဟု မြေပြင်အခြေအနေကို သိရှိသည့် ဟုမ္မလင်းမြို့ဒေသခံတစ်ဦးက ဇန်နဝါရီ ၂၇ ရက်တွင် ပြောဆိုသည်။
ရွှေပြည်အေးမြို့သည် ချင်းတွင်းမြစ်ကမ်းဘေးတွင် တည်ရှိပြီး စစ်ရေးအရ အရေးပါသည့်မြို့ ဖြစ်သောကြောင့် နွေဦးတော်လှန်ရေးအင်အားစုများက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ရေးအရ မဟာဗျူဟာကျသည့် ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ်များက ပြန်လည်ထိုးစစ်ဆင်နေပြီး မြို့ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်ဟု ဒေသခံများထံမှ သိရသည်။
ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ်များက ပြန်လည် ထိုးစစ်ဆင်လာသည်နှင့် ပတ်သက်၍ တော်လှန်ရေး အင်အားစုများဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။
စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေပြည်အေးမြို့ အပါအဝင် ကောလင်း ၊ ခမ်းပတ်နှင့် မော်လူးမြို့များကို တော်လှန်ရေး အင်အားစု တပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့ကြောင်းကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG က တရားဝင် ကြေညာထားခြင်းလည်း ဖြစ်သည်။
ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။