ဟုမ္မလင်းရောက် စစ်ဘေးရှောင်များ စားသောက်နေထိုင်ရေးအကူအညီများ လိုအပ်နေ

0
160
ပုံစာ - ဟုမ္မလင်းရောက် စစ်ဘေးရှောင်တချို့ ( Photo - ရှမ်းနီအသံ/ ပုံဟောင်းဖြစ်သည်)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်နှစ်ထောင်ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးအကူအညီများ လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွားခဲ့သည့် ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်ပြီး လက်ရှိတွင်လည်း နေရပ်မပြန်နိုင်သေးဘဲ အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက “ဆောင်းတွင်းကာလလည်း ရောက်လာပြီဖြစ်တဲ့အတွက် အဓိက ဝမ်းစာရေး အတွက် ဆန်၊ ဆီ၊ ဆားပေါ့ ကုန်ခြောက်လေးတွေ ပြီးတော့ အမျိုးသမီးတွေအတွက်လည်း အမျိုးသမီး အသုံးအဆောင် ပစ္စည်းတွေပေါ့။ စားဝတ်နေရေးနဲ့ ဆေးဝါးရယ် နေထိုင်ဖို့အတွက် ယာယီတဲပေါ့။ အဲ့ဒါတော့ မဖြစ်မနေ လိုအပ်တဲ့ အရာပါပဲ” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် တိုက်ပွဲများကြောင့် ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာပေါင်း ၁၅ ရွာခန့်က ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံပြည်သူများ ဖြစ်သည်ဟု စစ်ရှောင်ပြည်သူများကို ကူညီပေးနေသူများက ပြောသည်။

ရွှေပြည်အေးမြို့သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ပါဝင်သည့်မြို့ တစ်မြို့ဖြစ်သည်။ လက်ရှိတွင်လည်း ရွှေပြည်အေးမြို့ အနီးဝန်းကျင်နှင့် ကျေးရွာများဘက်ကို စစ်ကောင်စီက လက်နက်ကြီးနှင့် မကြာခဏ ပစ်ခတ်နေတာကြောင့် ဒေသခံများသည် နေရပ်မပြန်ရဲကြဘဲ တိမ်းရှောင်နေရဆဲဖြစ်သည်။

စစ်ဘေးရှောင် ပြည်သူများသည့် ဟုမ္မလင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးများ၏ နေအိမ်များတွင် နေထိုင်နေကြသလို တချို့သည်လည်း အိမ်ငှားနေကြရသည်ဟု ဆိုသည်။

လက်ရှိတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် စစ်ဘေးရှောင်များသည် အခက်အခဲများနှင့် ကြုံနေရသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူက ဆက်ပြောသည်။

“အစစအရာရာ ကုန်ဈေးနှုန်းက အရမ်းကြီးတယ်လေ။ ကုန်ဈေးနှုန်းကြီးတာ တပိုင်းရယ်၊ စစ်ဘေးရှောင် ဖြစ်တဲ့အတွက် သူတို့မှာလည်း အခက်အခဲများစွာ ဖြတ်သန်းပြီးတော့မှ လာရှောင်နေတာ ဖြစ်တဲ့အတွက် ငွေရေးကြေးရေးက တော်တော်လေးခက်ခဲတယ်။ လမ်းကြောင်းပိတ်ထားလို့ ရေကြောင်းကုန်းကြောင်းတွေ အကုန်လုံးပိတ်ထားတဲ့ အခါမှာကြတော့ အစစအရာရာ ကုန်ဈေးနှုန်းကြီးတာပေါ့”

ဟုမ္မလင်းမြို့နယ်ထဲတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်တို့နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲဖြစ်ပါက မုံရွာမြို့နှင့် ဟုမ္မလင်းမြို့ကို အဓိက ဆက်သွယ်ထားသည့် ချင်းတွင်းမြစ် ရေကြောင်းလမ်းအား ပိတ်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ ဟုမ္မလင်းမြို့တွင် ဆန်တစ်အိတ်ကို ကျပ်သုံးသိန်းနီးပါးရှိပြီး ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းခွဲ စျေးရှိနေသည်ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောသည်။

ဟုမ္မလင်းဒေသခံက “ဈေးက တစ်နေ့နဲ့တစ်နေ့ မတူဘူး ဖြစ်နေတယ်။ လမ်းပိတ်တဲ့အချိန်ဆိုရင် လေယာဉ်နဲ့သယ်တာလည်း ရှိတယ်။ အဲဆို ဈေးများတယ်။ မြို့ခံတွေတောင်မှ တော်တော်လေး ရုန်းကန်နေရတဲ့ အခြေအနေမျိုးမှာရှိတယ်။ နောက်ပြီး သူတို့က တခြားနယ်ကနေပြီးတော့ စစ်ရှောင်လာကြတော့ ဆေးခန်းပြဖို့ကအစ အခက်အခဲဖြစ်ကြတယ်ပေါ့” ဟု ပြောသည်။

ဟုမ္မလင်းမြို့သည် ကုန်စည်ပစ္စည်းများအား မုံရွာမြို့မှ ချင်းတွင်းမြစ် ရေကြောင်းလမ်းဖြင့်သာ အဓိက သယ်ယူနေရသည့် မြို့လည်းဖြစ်သည်။

ချင်းတွင်းမြစ်အနီး မုံရွာ – ဟုမ္မလင်းမြို့တို့တွင် စစ်ကောင်စီတပ်၊ ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် KIA PDF ပူးပေါင်းတပ်တို့အကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသောကြောင့် ရေကြောင်းလမ်းကိုလည်း လနှင့်ချီ ပိတ်ထားသည်ဟု ဒေသခံများက ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here