စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်နှင့် ဟုမ္မလင်းမြို့နယ် နယ်စပ်မျဉ်းဖြစ်သည့် ဇီးဖြူတောင်တန်းပေါ်တွင် ရှမ်းနီအမျိုးသားများတပ်မတော်-SNA နှင့် ပြည်သူ့ကာကွယ်ရေးတပ်-PDF အဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“မနေ့ညနေ (ဇွန် ၂၆ ရက်) အထိ လက်နက်ကြီးသံတွေ ဆက်တိုက်ကြားနေရတယ်။ ဖြစ်နေတာတော့ သုံးရက်လောက် ရှိပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယခုနှစ် ၊ ဇွန်လ ၂၇ ရက်နေ့က အဆိုပါ ဇီးဖြူတောင်တန်းပေါ်ရှိ SNA စခန်းငယ်တစ်ခုအား ကနန်းဒေသဘက်မှ လာသည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်ပါဝင်သည့်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ရာတွင် စခန်းမှယာယီဆုတ်ခွာခဲ့ရပြီး အဆိုပါစခန်းငယ်အား ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု SNA တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“မနေ့ (ဇွန်လ ၂၆ ရက်) က ညနေ ခုနှစ်နာရီလောက်မှာ အဲ့နားက သူတို့နေထားတဲ့ကုန်းတွေ အကုန်ပြန်သိမ်း နိုင်ပါပြီ။ လူအထိအခိုက်တော့ မရှိပါဘူး။ ရိက္ခာထားတဲ့ ဂိုထောင်တော့ မီးရှို့ခံလိုက်ရတယ်” ဟု အဆိုပါဒေသတွင် ကွပ်ကဲနေသော SNA တာဝန်ရှိသူက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ နွေဦးတော်လှန်ရေး အင်အားအားစုများက တစုံတရာ ထုတ်ပြန်ခြင်းမရှိသလို ဆက်သွယ်မေးမြန်းနိုင်ခြင်းလည်း မရှိသေးပါ။
ဗန်းမောက်မြို့နယ် အနောက်ပိုင်းဒေသများ ဖြစ်သည့် ကြောင်လည်အုပ်စု၊ မံစီကြီးအုပ်စု၊ မံလောင်ပေပင်အုပ်စု၊ မံအင် မင်းကုန်းအုပ်စု၊ နားနန့်ထွန် အုပ်စုများတွင် ၂၀၂၂ ခုနှစ် ဇူလိူင်လမှ စ၍ KIA/PDF ပူးပေါင်းအဖွဲ့နှင့် SNA တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလမှစ၍ အဆိုပါဒေသများကို SNA က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မြေပြင် သတင်းအချက်အလက်များကို စီစစ်ချက်များအရ သိရသည်။
အင်းတော်မြို့နှင့် ဗန်းမောက်မြို့ ဆက်သွယ်ရေးလမ်းနှင့် ဗန်းမောက်မြို့နှင့် ကြောင်လည်ကျေးရွာ လမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်းလည်း သိရသည်။
ရှမ်းနီအသံ ပေးပို့သည်။