ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမျိုးသားညီညွှတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေ ပြင်ပသို့ လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စပြီး စက်သုံးဆီများ သယ်ယူရောင်းချခွင့်မပြုသည့် ကြေညာချက် တစ်စောင်ကို ဇန်နဝါရီလ ၂၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ကြေညာချက်တွင် မုံရွာမြို့နယ် ၊ ကျွန်းလှမြို့နယ်နှင့် အခြားမြို့နယ်များမှ သယ်ဆောင်လာသော စက်သုံးဆီများကို ဟုမ္မလင်းမြို့နယ်အတွင်း အမျိုးသားညီညွှတ်ရေးအစိုးရ စိုးမိုးထားသော နယ်မြေများတွင်သာ သယ်ယူရောင်းချခွင့် ပြုမည်ဖြစ်ပြီး၊ နယ်မြေပြင်ပသို့ သယ်ယူရောင်းချခွင့်ပြုမည်မဟုတ်ဟု ဖော်ပြထားသည်။
စက်သုံးဆီများ သယ်ယူရောင်းချခွင့်ရှိသည့် ဂိတ်ဆုံးနယ်မြေများအဖြစ် ချင်းတွင်းမြစ်ကြောင်းတွင် ရွှေပြည်အေးမြို့ အထိနှင့် ကုန်းလမ်းကြောင်းတွင် အောင်းပင်ကျေးရွာ အထိသာ ရောင်းချခွင့်ပြုမည် ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယခုထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက “လိုင်းပေါ်မှာ တစ်ပေပါ တစ်သိန်း ကောက်တယ်ဆိုတာမျိုး ပျံ့သွားလို့ဖြစ်မယ်။ ကျွန်တော်တို့ကတော့ စက်လှေသမားကို စျေးအပြတ် ပေးလိုက်တာပဲ၊ ဟိုအရောက်ဆို ဘယ်လောက်ဆိုပြီးပေါ့။ အခုလည်း ပိတ်တယ်ဆိုပေမယ့် လမ်းကြောင်းတွေ ကတော့ ရှိနေအုံးမယ်လို့တော့ ထင်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောပါသည်။
ဟုမ္မလင်းမြို့နယ်တွင် ဇန်နဝါရီလ အစောပိုင်းက စက်သုံးဆီ သယ်ယူခွင့်ကို ပိတ်ဆို့ထားသဖြင့် စက်သုံးဆီ ရှားပါးမှုနှင့် စျေးနှုန်းကြီးမြင့်မှု ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီ ဒုတိယပတ်အတွင်း ပြန်လည်ဖွင့်ပေးခဲ့သဖြင့် စက်သုံးဆီစျေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာကြောင်းလည်း ဒေသခံတွေထံမှ သိရသည်။
စက်သုံးဆီများကို ကန့်သတ်ထားသော နယ်မြေပြင်ပသို့ ရောင်းဝယ်ဖောက်ကားပါက ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်တွင် ဆက်ဖော်ပြထားသည်။
ဟုမ္မလင်းမြို့နယ်သည် ရွှေတူးဖော်ရေးလုပ်ငန်းများ အဓိက လုပ်ကိုင်ကြသည့် မြို့နယ်တစ်ခုဖြစ်ပြီး စက်သုံးဆီ လိုအပ်ချက် မြင့်မားသည့် မြို့နယ်တစ်ခုလည်း ဖြစ်သည်။
ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။