ဟုမ္မလင်းတွင် ကုန်သွယ်ရေးအခက်အခဲကြောင့် ကုန်စျေးနှုန်းများ အဆမတန်ကြီးမြင့်နေ

0
324
ဟုမ္မလင်းတွင် ကုန်သွယ်ရေးအခက်အခဲကြောင့် ကုန်စျေးနှုန်းများ အဆမတန်ကြီးမြင့်နေ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း နိုင်ငံရေးပဋိပက္ခများကြောင့် ကုန်သွယ်ရေးတွင် အခက်အခဲများ ကြုံတွေ့နေရပြီး ကုန်စျေးနှုန်းနှင့် ကုန်ပစ္စည်းတင်တန်ဆာခများ အဆမတန် မြင့်တက်နေကြောင်း ဒေသခံများထံက သိရသည်။

ဟုမ္မလင်းဒေသခံ စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက “ကုန်ကားတွေလည်း ၆ လပိုင်းကတည်းက မဝင်ဘူး။ ရေလမ်းကလည်း သိပ်အဆင်မပြေဘူး၊ တချို့ပစ္စည်းတွေဆို လေယာဉ်နဲ့ တင်ရတာဆိုတော့ စျေးကတအားကို ကြီးနေတာ၊ မနေ့က ကျမ ပင်လယ်စာတစ်ပုံး လေယာဉ်နဲ့တင်လာတာ တန်ဆာခကြီးကို နှစ်သိန်းလေးသောင်း ကျော်ကျတယ်” ဟု ဆိုသည်။

မုံရွာမှ ဟုမ္မလင်းသို့ အမြန်ယာဉ်ကားများရှိသော်လည်း လမ်းခရီးတွင် အကောက်ခွန်ဂိတ်များ ပေါများခြင်း ကုန်စည် ကန့်သတ်မှုများ ရှိနေခြင်းများကြောင့် ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဟုမ္မလင်းမြို့ မှ မုံရွာ သို့ ရေကြောင်းမှလည်းကောင်း ၊ မန္တလေး- ပင်လည်ဘူး – ဖောင်းပြင်-ဟုမ္မလင်း သို့ ကုန်းလမ်းမှ လည်းကောင်း ၊ မန္တလေး – မုံရွာ – ဟုမ္မလင်း လေကြောင်းမှ လည်းကောင်း သွားလာနိုင်သော်လည်း လတ်တလောတွင် ကားလမ်းမှ သွားလာနိုင်ခြင်း မရှိသေးသလို ရေကြောင်းသွားလာမှုလည်း ပုံမှန်မရှိသေး ကြောင်း ဒေသခံများထံက သိရသည်။

ယင်းသို့ ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲကြောင့် ဟုမ္မလင်းမြို့တွင် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ကြက်ဥတစ်လုံးလျှင် ၅၀၀ ကျပ် ၊ ခရမ်းချဉ်သီး တစ်ပိသာ ၁၀,၀၀၀ ကျပ် ၊ခါကျက်ဥ တစ်ပိသာ ၂၀,၀၀၀ ကျပ် ၊ ခရမ်းသီး တစ်ပိသာ ၅,၀၀၀ ကျပ် ၊ ပန်းမုံလာတစ်ပွင့်လျှင် ၇,၀၀၀ ကျပ် ၊ မုံလာထုပ်တစ်ထုပ်လျှင် ၄,၀၀၀/၅,၀၀၀ ကျပ် ၊ အာလူးတစ်ပိသာ ၈,၀၀၀/၁၀,၀၀၀ ကျပ် ၊ စားဆီတစ်ပုံးလျှင် ၁၃၀,၀၀၀ကျပ် ၊ ပန်းငြုပ်ပွတစ်ပိသာလျှင် ၁၆,၀၀၀ ကျပ် ၊ ပန်းသစ်တော်သီးတစ်လုံး ၅,၀၀၀ ကျပ် ၊ပန်းသီးတစ်လုံး ၄,၀၀၀ ကျပ် ကျသင့်ဝယ်ယူ နေရကြောင်း မြို့ခံများက ပြောသည်။

ဟုမ္မလင်း မြို့ခံတစ်ဦးက “ ပေါ်ဆန်းမွှေးဆန်ဆို တစ်အိတ်ကို ၁ သိန်း ၈ သောင်းလောက် ပေးရတယ်၊ ဘိလပ်မြေတစ်အိတ် ၃ သောင်းကျော်တယ်” ဟု ပြောဆိုသည်။

ဟုမ္မလင်းဒေသသည် ရွှေသယံဇာတထွက်သည့်ဒေသ ဖြစ်သည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နယ်မြေအများစု၌ နိုင်ငံရေး မတည်မငြိမ်ဖြစ်သောကြောင့် အဆိုပါဒေသများမှ ပြည်သူများသည် ဟုမ္မလင်းသို့ ရွှေလုပ်ငန်း လာရောက်လုပ်ကိုင်သူများပြားပြီး လေကြောင်း ခရီးသွားလာမှုကိုသာ အဓိက အသုံးပြုသွားလာ နေကြကြောင်း သိရသည်။

“လေယာဉ်က နေ့တိုင်း ရှိတယ်။ တချို့ရက်တွေမှာ တစ်ရက်ကို ၃ စီး လောက်ဆင်းတာတောင် လက်မှတ်က ဝယ်ရ ခက်တယ် ”ဟု ဟုမ္မလင်းမြို့ခံတစ်ဦးက ဒေသတွင်း ခရီးသွားလာရေး အခြေအနေကို ပြောသည်။

ဟုမ္မလင်းမြို့နယ်၏ ဧရိယာအများစုကို ရှမ်းနီအမျိုးသားများတပ်မတော် SNA က ထိန်းချုပ်ထားပြီး ဟုမ္မလင်း မြို့နယ်သို့ ကုန်စည်စီးဆင်းသည့် လမ်းပိုင်းဒေသများကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက ထိန်းချုပ် ထားသဖြင့် ဟုမ္မလင်းဒေသသို့ ကုန်စည်စီးဆင်းမှုမှာ ကန့်သတ်မှုများ ရှိနေခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here