ဟိုပန်မြို့အတွင်း “ ၀” တပ်မတော် ၀င်ရောက်ထိန်းချုပ်ပြီး အလံလွှင့်ထူ

0
244

သျှမ်းပြည်နယ်မြောက်ပိုင်းနှင့် ဆက်စပ်နေသည့် ဟိုပန်မြို့အတွင်း “ ၀” သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA က ယနေ့ (ဇန်နဝါရီ ၅ ရက်) နေ့လယ်ပိုင်းတွင် ဝင်ရောက်နေရာယူပြီး မြို့လယ်တွင် “၀” တပ်ဖွဲ့ အလံလွှင့်တင် လိုက်သည်ဟု သိရသည်။

“၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် ပါ၀င်သည့် ဟိုပန်မြို့နယ်တွင် စစ်ကောင်စီမှ ဗိုလ်မှူးချုပ်အဆင့်ဦးစီးသည့် စစ်ကောင်စီတပ်များရှိနေပြီး ညီနောင်မဟာမိတ်တပ်များက ယနေ့ (ဇန်နဝါရီ ၅ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မြို့ကိုထိန်းချုပ်ထားပြီးနောက် နေ့လယ်ပိုင်းတွင် “၀” တပ်ဖွဲ့ ၀င်ရောက်လာခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက အတည်ပြုပြောသည်။

“မနက်က ကိုးကန့်မဟာမိတ်တပ်က ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေ သိမ်းပြီးပြီ။ မြို့အပြင်နားက ခလရ (၁၄၅) တပ်ကို သွား၀ိုင်းထားတယ်လို့ သိရတယ်။ “၀” တပ်ကတော့ မြို့ထဲမှာ နေနေတယ်” ဟု ၄င်းက ပြောသည်။

ဟိုပန်မြို့နယ်တွင် စစ်ကောင်စီတပ် စခက (၁) လက်အောက်ခံ တပ်ရင်းများရှိနေပြီး ယင်းတပ်များကို တိုက်ထုတ် နိုင်ပါက “၀” ဒေသတွင် စစ်ကောင်စီတပ်စခန်း လုံး၀မကျန်ရှိတော့ကြောင်း ၄င်းက ဆက်ပြောသည်။

လက်ရှိ ဟိုပန်မြို့တွင်း “၀” တပ်ဖွဲ့များ တပ်ဖြန့်ကင်းလှည့်နေပြီး အခြေအနေ ငြိမ်သက်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ဟိုပန်မြို့ကို ၀င်ရောက်ထိန်းချုပ်ရာတွင် ညီနောင်မဟာမိတ်တပ်များနှင့်အတူ BPLA မြောက်ပိုင်းတပ်ရင်းလည်း ပါ၀င်နေကြောင်း BPLA စစ်ဦးစီးချုပ်မောင်ဆောင်းခက ၄င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယမန်နေ့ (ဇန်နဝါရီ ၄ ရက်နေ့) က သျှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသမြို့တော် လောက်ကိုင်အနီး ကျန်ရှိနေသည့် တစ်ခုတည်းသော စစ်တပ်စခန်းဖြစ်သည့် စစ်ကောင်စီ၏ ဒစကတပ်သည် ညီနောင်မဟာမိတ်တပ်နှင့် ညှိနှိုင်းလက်နက်ချပြီးနောက် ယနေ့ (ဇန်နဝါရီ ၅ ရက်နေ့) တွင် ညီနောင်မဟာမိတ်တပ်များ ဟိုပန်မြို့တွင်း ၀င်ရောက်လာခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here