ဟိုပင်တွင် KIA တပ်သားလင်မယား သတ်ဖြတ်ခံရမှုနှင့် ပတ်သတ်ပြီး KIO/KIA ထံ ဖြေရှင်းပေးဖို့တောင်းဆို

0
567
ပုံစာ - KIA တပ်ရင်း ၄၁ ရှေ့တန်း ယာယီဆေးကုသစခန်း တစ်နေရာ။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်ရှိ KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ နယ်မြေ၌ KIA တပ်သားတစ်ဦးနဲ့ ဇနီးဖြစ်သူတို့ သတ်ဖြတ်ခံရသည့် အမှုကို နှစ်ပတ်အတွင်း ဖြေရှင်းပေးဖို့ KIO/KIA ထံ တောင်းဆိုထားပေမယ့် ဖြေရှင်းပေးနိုင်တာ မရှိသေးဘူးလို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့သူနဲ့ ဒေသခံတွေက ပြောသည်။

KIO တပ်မဟာ ၈ အရာရှိများက အမှုဖြေရှင်းပေးမည်ဟု ပြီးခဲ့သည့် ဇူလိုင် လဆန်းပိုင်းက မိသားစုဝင်တွေကို အကြောင်းကြားခဲ့ပေမယ့် နှစ်ပတ်ကြာတဲ့အထိ အမှုကို မဖြေရှင်းဘဲ အကြောင်းပြချက်တွေနဲ့ ကြန့်ကြာ နေတယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေသူတစ်ယောက်က အခုလိုပြောသည်။

“KIA ရဲ့ တရားစီရင်မှုက လုံးဝအားမရဘူး။ လူမစုံဘူး စောင့်ရမယ့်သူတွေကြီးပဲ ဖြစ်နေတယ်။ ကျနော်တို့ လိုချင်တာ အဲ့လိုမဟုတ်ဘူး။ ဒီဖြစ်စဉ် ဖြစ်သွားတဲ့အပေါ်မှာ ဘယ်သူက လုပ်တာဆိုတာထက် အဖြူအမဲ ရှင်းရှင်းလင်းလင်း ဖြစ်ချင်တာဟုတ်တယ်။ အခုချိန်အထိ ဒီဟာနဲ့ ပတ်သက်ပြီး ပြောဆိုပေးတာ မရှိသေးဘူး” လို့ ၎င်းက ပြောဆိုသည်။

KIO ဘက်က ဒီအမှုနဲ့ပတ်သက်ပြီး သတ်ဖြတ်ခံရတဲ့ မိသားစုဝင်တွေကို လျော်ကြေးပေးဆောင်တာမျိုးနဲ့ အမှုကို အပြီးသတ်ဖို့ ရှိနေတယ်လို့ သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

အမှုလိုက်ပါ ဆောင်ရွက်ပေးနေသူက “ သူတို့ရဲ့ အခြအနေကိုကြည့်ရင် ဒီအမှုစစ်လိုက်ရင် အဲဒီနယ်မြေမှာ တရုတ်နဲ့ နှစ်ရှည်သစ်ထုတ်လုပ်တာတွေ၊ ရွှေတူးဖော်တာတွေ ရှိနေတာ ဟုတ်တယ်။ အဲ့ဒါတွေ အကုန်လုံး ပေါ်သွားမှာစိုးလို့ ဒီအမှုကို ဖြစ်ရပ်မှ ဖုံးကွယ်ဖို့ ကြိုးစားနေကြတယ်”လို့ ပြောသည်။

KIA တပ်ရင်း ၄၁ နယ်မြေ တဝိုက်တွင် KIO အရာရှိများနဲ့ တရုတ်လုပ်ငန်းရှင်များက နှစ်ရှည် သစ်ထုတ်လုပ်မှု၊ ရွှေပူးပေါင်း တူးဖော်နေစဉ် ယင်းပြစ်မှုအား ကျူးလွန်သူသည် တရုတ်လုပ်ငန်းရှင်တစ်ဦး၏ အလုပ်သမားတစ်ယောက် ဖြစ်နေသည့်အတွက် အဆိုပါအမှုကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ဒေသခံများက သုံးသပ် ပြောဆိုနေကြသည်။

ပြစ်မှုကျူးလွန်ခဲ့တဲ့သူကို KIA က ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းကိုယ်တိုင်က သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့တယ်လို့ KIA နဲ့ နီးစပ်သူများထံက ကြားသိရသည်။

KIA တပ်သားလင်မယားအား သတ်ဖြတ်ကျူးလွန်ခဲ့သည်ဟု ဝန်ခံထားသူသည် KIA က ဖမ်းဆီးနိုင်ခဲ့ပြီးနောက် တစ်ပတ်လောက်အကြာမှာပင် ဖမ်းဆီးထားသည့်နေရာ၌ သူကိုယ်တိုင် ကြိုးဆွဲချ သေဆုံးသွားပြီဖြစ်ကြောင်း KIA ဘက်က သတ်ဖြတ်ခံရသူတို့၏ မိသားစုဝင်များကို ခေါ်ယူတွေ့ဆုံ အသိပေးပြောခဲ့သည့်ဆိုသည့် သတင်းများ လည်း ထွက်ပေါ်လျက်ရှိနေသည်။

အမှုမှန် ပေါ်ပေါက်ရေးအတွက် မိသားစုဝင်များနှင့် ဟိုပင်ဒေသခံများက တာဝန်ရှိ KIO/KIA ကို တောင်းဆို ထားပေမယ့် အခု ဇူလိုင်လ တတိယအပတ်အထိ အမှုကို မဖြေရှင်းနိုင်ပဲ ကျန့်ကြာနေဆဲ ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

KIA တပ်သားလင်မယားသည် ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က KIA တပ်ရင်း ၄၁ ရှေ့တန်း ယာယီဆေးကုသ စခန်း တစ်နေရာတွင် သတ်ဖြတ်ခံခဲရခြင်း ဖြစ်ပြီး ဇွန် ၁၃ ရက်နေ့တွင် ဟိုပင်ဒေသခံတချို့က သွားရောက် မြေမြှုပ် သဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

သတ်ဖြတ်ခံရသူ လင်မယား ၂ ယောက်မှာ အသက် ၃၀ နှစ် အရွယ် ဦးမဒိန်ခေါယော် (Mading Hkaw Yaw) နဲ့ ဇနီးဖြစ်သူ မခေါကော့ဖန်(Jan Mahkaw Kaw Hpang) တို့ ဖြစ်ကြပြီး အမျိုးသားဖြစ်သူမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း ၄၁ မှ တပ်သားတစ်ယောက် ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here