ဟားခါး – ထန်တလန်အကြား သီမြစ်လွင်ပြင်တိုက်ပွဲ ချင်းကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံး

0
358
ပုံစာ - ကျဆုံးသွားသည့် ချင်းကာကွယ်ရေးရဲဘော် ၂ ဦး (Photo - The Chinland Post)

ချင်းပြည်နယ်၊ ဟားခါးနှင့် ထန်တလန်အကြား သီမြစ်လွင်ပြင်တဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူလိုင် ၃ ရက် မနက်လင်းအားကြီးချိန်၌ စတင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်၂ ဦး ကျဆုံးပြီး ဒါဏ်ရာရသူများရှိကြောင်း သိရသည်။

ဟားခါး-ထန်တလန် အကြား သီတာရွာသို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲပြီးနောက် သီမြစ်လွင်ပြင်တဝိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့များ ရှိသည်ဟု ယူဆရသည့် နေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာမှ နာရီဝက်ကျော်ကြာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့မနက်အစောကြီး မိုးမလင်းခင်အထိ တောက်လျှောက် ပစ်ခတ်တယ်၊ သီတာရွာကို ဂျက်ဖိုက်တာက ဗုံးလာကြဲတယ်။ ပြီးတော့မှ သီမြစ်ဘက် ဒေသကာကွယ်ရေးတပ်စခန်းကို သူတို့ လာပစ်တယ်။ အဲမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တာပေါ့။ အဲမှာ CDF-Thantlang က ရဲဘော် ၁ ဦး နဲ့ CDF-Zophei က ရဲဘော်၁ ဦး ကျဆုံးတာပေါ့နော် ပြီးတော့ ဒါဏ်ရာရတဲ့သူ ၆၊ ၇ ယောက် လောက် ရှိတယ်။ စစ်သားတွေကတော့ ဘယ်လောက် သေတယ်ဆိုတာ အတိအကျတော့ ပြောလို့ မရပေမယ့် ထိခိုက် သေဆုံးမှု များမယ်၊ ဘာလို့လဲ ဆိုတော့ တိုက်ပွဲက အနီးကပ်ပစ်ခတ်တာဆိုတော့ အဲလိုပြောနိုင်တာပေါ့” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့ရှိ လွတ်လပ်ရေးကျောက်တိုင်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူပေးခဲ့ကြောင်းလည်း အဆိုပါသတင်းရင်းမြစ်က ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ ၂၅ ရက်မှ စတင်ပြီး သီမြစ်လွင်ပြင် အနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြား စစ်ရေးတင်းမာနေခဲ့ပြီး မေလ ၂၉၊ ၃၀ ရက်နှင့် ဇူလိုင်လ ၃ ရက်များတွင် နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခြင်းဖြစ်သည်။

ဇူလိုင် ၂ ရက်နေ့ ည ၈ နာရီခွဲ ဝန်းကျင်တွင် ဟားခါးမြို့ပေါ် BOC ရုံး၊ စုပေါင်းရုံး အနီးတဝိုက်နှင့် ဟားခါးဆေးရုံတွင် သေနတ်ပစ်ခတ်မှုများ ရှိပြီး ဆေးရုံဝန်းရှိ ခွဲစိတ်ဆောင်နှင့် ဝန်ထမ်းကွာတာအား သေနတ်မှန်ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ဟားခါးမြို့ပေါ်တွင် နှစ်ဘက်တိုက်ပွဲ မရှိသော်လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်လေ့ ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here