ဟားခါး – ထန်တလန်ကြားတိုက်ပွဲ စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေဆုံး

0
116

ချင်းပြည်နယ် ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်ဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရတပ်ဖွဲ့တို့ အောက်တိုဘာ ၁၅ ရက်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

ဟားခါး-ထန်တလန်ကြားက ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်စိုးမိုးထားသော C3 နေရာကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၆ နာရီကနေ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တနေကုန်နီးပါး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“မနေ့ကတော့ တနေကုန်နီးပါးပဲ မနက် ၆ နာရီကတည်းကနေ ညနေပိုင်းလောက်မှာပဲ နည်းနည်းရပ်သွားတယ်။ သူတို့ဘက်က ၁၀ ယောက်ကျော်တော့ကျတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် C3 နှင့် အော်တိုတောင်ဘက်ကို ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဝေဟင်ကနေ Machine-Gun စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က မြေပြင်နှင့်ဝေဟင်ကနေပါ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦးထံမှ သိရသည်။

စစ်ကောင်စီသည် ဟားခါး-ထန်တလန်ကြားက ၎င်းတို့လက်လွတ်ခဲ့ရသော ဒေသများကို ပြန်လည်သိမ်းပိုက်နိုင်ရန် အောက်တိုဘာလ ၁၃ ရက်နေ့က ဟားခါးကနေ စစ်ကား ၇ စီးဖြင့် စစ်ကူစေလွှတ်ကာ အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိနာခဲ့ပြီး ခဏတာ တပ်ပြန်ဆုတ်ကာ ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သား အယောက် ၃၀ ခန့် ဟားခါးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

ဟားခါးမြို့မှ မိုင် ၂၀ ကျော်သာ ကွာဝေးသော ထန်တလန်မြို့နှင့် ဟားခါး-ထန်တလန်ကြား လမ်းကြောင်းတစ်လျှောက်ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ပြီး အောက်တိုဘာလ ၂ ပတ်အတွင်းမှာပင် အကြိမ်ပေါင်း ၁၃၀ ကျော် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here