သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်တလျှောက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်

0
133
ပုံစာ - သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်တနေရာ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသတလျှောက်တွင် ကရင်နီအမျိုးသားများ လွတ်မြောက်ရေးတပ်မတော် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တွင် မတ်လ ၁၀ ရက်နေ့ကတည်းက KNDF၊ PDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်ထိ ညောင်လေးပင်ရွာနှင့် နန်းတုတ်ရွာတွင် နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

“တိုက်ပွဲကတော့ မနေ့က(ဧပြီ ၉ ရက်နေ့) အထိ ဖြစ်နေသေးတယ်။ ညောင်လေးပင်ရွာဘက်မှာ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ နန်းတုတ်ရွာဘက်မှာလည်း လက်နက်ကြီး ကျနေသေးတယ်။ အခုထိအိမ်ကို ပြန်လို့မရသေးဘူး” ဟု နန်းတုတ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

အလားတူ ပင်လောင်းနှင့် ဖယ်ခုံအကြားရှိ နောင်ဝိုးကျေးရွာတွင်လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲဆက်ဖြစ်နေ ပြီး ယမန်နေ့ (မတ်လ ၉ ရက်) တွင် စစ်ကောင်စီက နောင်ဝိုးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု နမ့်ဖာမှုဒေသခံတစ်ဦးက ပြောသည်။

“နောင်ဝိုးဘက်မှာတော့ ဒီရက်ပိုင်းတိုက်ပွဲ ဆက်ဖြစ်နေသေးတယ်ဗျ။ စစ်ကောင်စီကတော လေကြောင်းကနေ ဗုံးကြဲတယ်၊ ဈေးတွေ ထိတယ်။ ဒီရက်ပိုင်း အခြေအနေတော့ နည်းနည်းဆိုးလာတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ KNDF ပြန်ကြားရေးထံသို့ ဆက်သွယ်မေးမြန်းရာ လက်တလောတွင် ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ထို့အတူ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၂၂ တပ်ရင်း အနီးတဝိုက်တွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတော်လှန်ရေး အင်အားစုဖြစ်သည့် KNDF၊ Mobye PDF နှင့် Pekhon PDF တို့ တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း သင်တန်းကျောင်း ဖွင့်လှစ်ပြီး စစ်မှုထမ်းစာရင်း ပါဝင်သူများအား စတင်ခေါ်ယူနေကြောင်း ပင်လောင်းမြို့ဒေသခံတစ်ဦးက ပြောသည်။

“တချို့ရွာတွေဘက်မှာတော့ ခေါ်နေပြီ၊ သွားနေရပြီလို့ ကြားတယ်။ မနေ့ကပြောတာတော့ မင်းဘူးရွာအုပ်စုက လူတွေအားလုံးပေါင်း ၁၈ ယောက် တက်ရမယ်လို့တော့ ပြောတယ်။ အဲ့ဒါကို သင်တန်းတက်တဲ့သူတွေကို နှစ်ယောက်ပေါင်း သေနတ်တစ်လက်နဲ့ ကျည် ၃ ထောင့်ပဲ ပေးတယ်လို့ သင်တန်းကဆင်းလာတဲ့ သူငယ်ချင်းက ပြောတာ။ နောက်သင်တန်းကိုလည်း ၅ ရက်ပဲ တက်ရတယ်” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်ပြီးသူများကို စစ်ကောင်စီက အချိန်မရွေး လိုအပ်လာပါက ပြန်လည်ခေါ်ယူမည်ဟု ညွန်ကြားထားသောကြောင့် စစ်မှုထမ်းသင်တန်းတက်ရောက်သူများက တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းသို့ ပို့ခံရမည်ကို စိုးရိမ်နေလျက် ရှိသည်။

“သင်တန်းတက်ပြီးသူများကို အချိန်မရွေး လိုရင်တော့ ပြန်ခေါ်မယ်လို့တော့ ပြောတယ်။ သင်တန်းကလည်း ကောင်းကောင်းမတက်ရဘူး။ တကယ်လို့ သူတို့ရှေးတန်းပို့ရင်တော့ သေရုံပဲရှိတယ်။ အလကား သွားသေပေးတာနဲ့ အတူတူပဲ” ဟု သင်တန်းတက်ရောက်သူ ခွန်ဇော် (အမည်လွှဲ) နှင့် နီးစပ်သည့် မိတ်ဆွေတစ်ဦးက ပြောသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်ပွဲ အခမ်းအနားကို ဧပြီလ ၉ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းစစ်ဌာနချုပ်၌ ကျင်းပပြလုပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပြည်သူ့စစ်မှုထမ်း ပထမအသုတ်ကို သင်္ကြန်ကာလပြီးမှ ခေါ်ယူမည်ဟု စစ်ကောင်စီက ကြေညာထားသော်လည်း ယခုအခါ နည်းဥပဒေ ပြဌာန်းနိုင်ခြင်း မရှိသေးစဥ် စတင်ခေါ်ယူနေပြီဖြစ်ပြီး လစဥ်အနည်းဆုံး လူငယ် ၅,၀၀၀ မှ ၁၀,၀၀၀ အထိ ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here