သျှမ်းမြောက်၊ သိန္နီမြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဆက်ဖြစ်ပွားနေ

0
270

သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ ၂ ရက် ညပိုင်းအထိ သိန္နီမြို့ ဝိန်းနန်းရပ်ကွက်၊ ပန်လော့ကျေးရွာနှင့် ဝိန်းလှိုင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲကြောင်း ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံတစ်ဦးက ပြောသည်။

“အခြေအနေမကောင်းဘူး။ ပိုဆိုးလာတယ်။ မနေ့ကလည်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တယ်။ မြို့နဲ့နီးတဲ့ ဝိန်းနန်းရပ်ကွက်၊ ပန်လော့ရွာ၊ ဝိန်းလှိုင်ရွာမှာ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်ဖွဲ့သုံးဖွဲ့မှ ထိန်းချုပ်လိုက်ပြီဟု ကြေညာထား သော်လည်း သီန္နီမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ စကခ (၁၆) နှင့် ခလရ – ၆၉ တို့အား လက်ရှိအချိန်ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို လေကြောင်းဖြင့် ပစ်ကူလျက်ရှိနေသကဲ့သို့ ဇန်နဝါရီလ ၂ ရက်နေ့ တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သား နေအိမ် ထိခိုက်ပျက်စီးမှုရှိကြောင်း အထက်ပါဒေသခံက ဆိုသည်။

သို့သော် ယင်းတိုက်ပွဲနှင့် ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ပြန်ကြားရေးထံသို့ လည်းကောင်း၊ တအာင်းတပ်ဖွဲ့ TNLA ၏ ပြန်ကြားရေးထံသို့ လည်းကောင်း ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေကြားခြင်းမရှိသေးပေ။

“အခုလည်း ထွက်မလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေ အများကြီးကျန်သေးတယ်။ ဒီရက်ထဲ ဆက်တိုက် ဗုံးကြဲနေတော့ စိတ်ပူနေရတယ်။ ဖုန်းလိုင်းလည်းမရတော့ ဆက်သွယ်လို့ မရဘူး” ဟု လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်တစ်ဦးက ပြောသည်။

အလားတူ (ဇန်နဝါရီ ၁ ရက်) တွင်လည်း သိန္နီမြို့နယ် ပန်လော့ကျေးရွာထဲကို စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် မိခင်နှင့်ကလေး ၂ ဦး အပါအဝင် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါကိုးကန့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ဖွဲ့သည် သိန္နီမြို့ထဲတွင် အနည်းငယ်သာ ကျန်ရှိနေပြီး ကျောင်းခမ်းဘုန်းကြီးကျောင်းအနီး လာရောက်ပုန်းခိုနေကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဆိုသည်။

ထို့အပြင် တိုက်ပွဲကြောင့် ဒေသခံများ တိုက်ပွဲတိမ်းရှောင်နေစဉ် နေအိမ်များဖောက်တွင်းခံရပြီး တန်ဖိုးကြီး ပစ္စည်းများ ယူဆောင်သွားကြောင်း နေရပ်ပြန်သွားကြည့်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

“လူကသာ အဝေးရောက်နေတာ စိတ်ကတော့ သိန္နိမြို့နဲ့ ကိုယ့်ခြံကိုယ့်အိမ်ကိုပဲ စိတ်ပူနေမိတယ်။ မရှောင်ရင်လည်း အန္တရာယ်များလို့ ရှောင်ပြန်တော့လည်း အိမ်မှာရှိသမျှ ပစ္စည်းတွေ အကုန်မွှေပြီး ယူသွားတယ်။ ပြောတာတော့ ဆေးသမားတွေလို့ ဖြစ်တယ်လို့ ပြောကြတယ်” ဟု ၎င်းက ပြောသည်။

သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ခမရ-၅၆၇/၅၆၈ တပ်ရင်း ၂ ခုကို ညီနောင်မဟာမိတ်တပ်များက နိုဝင်ဘာလ ၂၄ ရက်တွင် သိမ်းပိုက်ခဲ့ပြီး သံချပ်ကာ ၁ စီး၊ ဟောင်ဝစ်ဇာ ၂ လက်နှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှ စ၍ သိန္နီမြို့နယ်ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည်။

လက်ရှိတွင် သိန္နီမြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာလျက်ရှိပြီး သိန္နီမြို့နယ်ဒေသခံ ထက်ဝက်ကျော်ခန့်မှာ တိုက်ပွဲကြောင့် အခြားဒေသများသို့ စစ်ဘေးရှောင်နေရပြီး နေရပ်ပြန်လည် နေထိုင်နိုင်ခြင်း မရှိသေးကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here