သံလွင်မြစ်ဘေး စစ်ရှောင် ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ဆေးဝါး အရေးပေါ်လိုအပ်

0
259
ပုံစာ - သံလွင်မြစ်ဘေးရှိတောထဲတွင် စစ်‌ဘေးရှောင်နေသူတချို့

ကရင်နီပြည် (ကယားပြည်) အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် သံလွင်မြစ်ဘေးက စစ်ရှောင်လူဦးရေ ၅၀၀ ဝန်းကျင် အတွက် လက်ရှိတွင် စားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောသည်။

“လက်ရှိမှာက ရိက္ခာက ဘာမှမရှိဘူး သူတို့လူလွတ်ပဲ ပြေးလာတာကျတော့ ရိက္ခာအခက်အခဲ တအား ဖြစ်နေတယ်၊ ခုလောလောဆယ် ဆေးဝါးတွေလည်းမရှိ ဆေးမှူးလည်း မရှိသေးဘူးဆိုတော့ ရှိတဲ့ ဟာလေးတွေနဲ့ပဲ လိုက်ကူပေးနေရတယ်ပေါ့။ လူအိုတွေရော ကလေးငယ်တွေရော အမျိုးမျိုးတော့ လိုအပ်နေတယ်” ဟု ဒေသခံစစ်ရှောင်တစ်ဦးက ပြောသည်။

အဆိုပါစစ်ရှောင်များသည် ဇွန်လအတွင်းက ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ကရင်နီပြည် ဖားဆောင်းမြို့၊ ဘောလခဲမြို့၊ မယ်စဲ့မြို့နယ် အသီးသီးကနေ ထွက်ပြေး တိမ်းရှောင်လာသည့် ဒေသခံများ ဖြစ်သည်။

စစ်ရှောင်ပြေးစဉ် ယူဆောင်ပါလာသည့် စားရိက္ခာမှာ တစ်ပတ်စာသာ လုံလောက်သဖြင့် လက်ရှိအချိန်၌ စားရေးသောက်ရေး အတွက် အခက်အခဲ ကြုံတွေ့နေကြကြောင်းနှင့် လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲကို သက်ဆိုင်ရာ အစုအဖွဲ့များထံ တင်ပြတောင်းဆိုထားတယ်လို့ အဆိုပါ ဒေသခံစစ်ရှောင် က ပြောဆိုသည်။

“လက်ရှိ စစ်ရှောင်တဲ့နေရာကလည်း တောတောင်ထဲဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေသလို စစ်ကောင်စီကလည်း စားနပ်ရိက္ခာလမ်းကြောင်း ပိတ်ဆို့မှုတွေ ပြုလုပ်နေတယ်” ဟု ၎င်းက ဆိုသည်။

ပုံစာ – သံလွင်မြစ်ဘေးရှိတောထဲတွင် စစ်‌ဘေးရှောင်နေသူတချို့

ထိုစစ်ဘေးရှောင်များ၏ စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည်ဆည့်ပေးနိုင်ရန် အတွက် သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပေးလျက် ရှိနေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ၏ အဖွဲ့ဝင်တစ်ဦးက အခုလိုပြောသည်။

“စစ်ဘေးရှောင်တွေအတွက် ကျနော်တို့ကနေ စားနပ်ရိက္ခာ စီမံတယ်။ လမ်းကြောင်းတွေ ဆောင်ရွက်မှုတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့က လိုအပ်ချက်တွေ အများကြီး ရှိတယ်ပေါ့နော။ ဒီဟာက ရုတ်တရက်ဖြစ်တဲ့ဟာလည်း ဖြစ်သလို လူဦးရေက အနည်းဆုံး မရှိဘူး ဆိုရင်တောင် တစ်ထောင်ဝန်းကျင်လောက် ပျံ့နှံ့ပြေးနေတယ်ပေါ့နော။ အဲ့ဒီအတွက်ကြောင့်မလို့ သူတို့ရဲ့ စားနပ်ရိက္ခာ အတွက် ပိုပြီးတော့မှ လိုအပ်ချက်ရှိတယ်။ ဆေးဝါးနဲ့ အမိုးအကာပေါ့နော။ နောက်ပြီး သူတို့ကလည်း တနေရာထဲမှာ နေရင်လည်း စစ်ရေးအရကလည်း အန္တာရာယ်ရှိတဲ့ အတွက်ကြောင့်မလို့ ဖြန့်ကျဲပြီး နေရတဲ့အပေါ်မှာတော့ လိုအပ်ချက် အများကြီး ရှိနိုင်တယ်” ဟု အဆိုပါ IEC အဖွဲ့ဝင်က ပြောသည်.။

ကရင်နီပြည်တွင် ဇွန်လဒုတိယပတ်အတွင်း မယ်စဲ့၊ ဖားဆောင်း၊ ရွာသစ်မြို့များမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ကြခြင်း ဖြစ်သည်။ ထွက်ပြေးတိမ်းရှောင်ကြသူ အများစုတွင် အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်တွေ ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းခံရပြီးနောက် ကရင်နီပြည်နယ် နေရာအနှံ့အပြားတွင် ထိတွေ့တိုက်ပွဲတွေကြောင့် ဒေသခံ ၂ သိန်းကျော်သည် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရပြီး ထိုင်း-ကရင်နီ နယ်စပ်ဘက်ကို ရောက်ရှိနေသည့် စစ်ရှောင်ဦးရေလည်း လက်ရှိတွင် များပြားလာကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here