မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် စစ်ကောင်စီက အမျိုးသားသုံးဦးအား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံရေးလှုံ့ဆော်သည့်စာ ရေးသားဖြန့်ဝေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူလိုက်ကြောင်း မြို့ခံများထံမှ သိရသည်။
ဖမ်းဆီးခံရသူများသည် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းဘေးတွင် “ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေး” ဆိုင်ဖွင့်ထားသည့် ဆိုင်ပိုင်ရှင်နှင့် အလုပ်သမားနှစ်ဦးတို့ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
“သူတို့ကို ဖေ့ဘွတ်ပေါ်မှာ နိုင်ငံရေးလှုံ့ဆော်တဲ့ပို့စ်တွေ ရေးတင်တာ၊ ရှဲတာ လုပ်လို့ဆိုပြီး ဖမ်းတာလို့တော့ ပြောတယ်။ အခု ၅၀၅ နဲ့ အမှုဖွင့်ထားတယ်” ဟု ၎င်းတို့နှင့် နီးစပ်သည့် သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။
“ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်” ပိုင်ရှင် အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုဟိန်းနှင့် အသက် ၃၄ နှစ်အရွယ် ကိုညီညီလွင်နှင့် အသက် ၂၅ နှစ်အရွယ် ကိုညီညီထွေးတို့ကို လူမှုကွန်ရက်စာမျက်နှာပေါ်၌ နိုင်ငံရေး လှုံ့ဆော်သည့်စာ ရေးသားဖြန့်ဝေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က စက်တင်ဘာ ၂၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ဆိုင်တွင်လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ ဖုန်းပြုပြင်ရေးဆိုင်ပိုင်ရှင်နှင့် အလုပ်သမားနှစ်ဦးတို့ကို သံဖြူဇရပ် မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီးနောက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
စစ်ကောင်စီထောက်ခံသည့် တယ်လီဂရမ်ချန်နယ်တွင် ကိုအောင်ကိုဟိန်း၊ ကိုညီညီလွင်နှင့် ကိုညီညီထွေးတို့ကို စစ်ဆေးမှုအရ ၎င်းတို့ထံမှ လူမှုကွန်ရက်စာမျက်နှာတွင် ဖြန့်ဝေထားသည့် သက်သေအထောက်အထားများ တွေ့ရှိရသည်ဟု ရေးသားထားသည်ကို တွေ့ရသည်။
သံဖြူဇရပ်မြို့ အပါအဝင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံရေး လှုံ့ဆော်စာ ရေးသားဖြန့်ဝေတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့နှင့် ဆက်စပ်တာ၊ PDF တွေကို ငွေကြေး ထောက်ပံ့တာဆိုသည့် စွပ်စွဲချက်များဖြင့် စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို လိုက်လံဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရသူများအနက် တချို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က၊ ၅၀၅-ခ တို့နှင့် ထောင်ဒဏ် တစ်သက် အပြင် သေဒဏ်ထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် အမှုဖွင့်ရေးယူလျက် ရှိသည်ကို တွေ့ရှိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ထားသည့် စာရင်းများအရ မွန်ပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူ ၄၀၀ ကျော် ရှိပြီး ၂၀၀ ကျော်မှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
IMNA ပေးပို့သည်။