ရခိုင်ပြည်အတွင်း တိုက်ပွဲများနှင့်အတူ စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုကြောင့် ကုန်စည်ပြတ်လပ်မှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်စားပါးမှုတို့ကြောင့် စားဝတ်နေရေးကျပ်တည်းလာသဖြင့် သံတွဲမြို့နယ်တွင် အလှူခံစားသောက်သူများလာကြောင်း သိရသည်။
“အလှူခံနေရတဲ့ စစ်ဘေးရှောင်တွေက အကုန်ဖြန့်ပြီး သွားနေကြတာဆိုတော့ ဘယ်လောက်များတယ်ဆိုတာ တော့ခန်းမှန်းဖို့ခက်တယ်။ ကျနော်တို့အိမ်ကိုတော့ တစ်ရက်ကိုအလှူခံတဲ့သူ ၂၀ လောက်ရောက်တယ်။ ကလေးတွေက အများဆုံးပါတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသည့် သံတွဲမြို့ခံတစ်ဦးက ပြောသည်။
ပထဝီအနေအထားအရ သံတွဲမြို့ဒေသခံများမှာ ပင်လယ်ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ဟိုတယ် ခရီးသွားနှင့် ဝန်ဆောင်မှုလုပ်ငန်းများဖြင့် အသက်မွေးကြကြောင်း သိရှိရသည်။
လက်ရှိ၌ ငါးဖမ်းလုပ်ငန်းများမှာလည်း စစ်ကောင်စီ၏ ရေယာဉ် (Navy) များကြောင့် လည်ပတ်မလုပ်ကိုင်နိုင်သေးသလို ဟိုတယ်ခရီးသွားလုပ်ငန်းများလည်း ရပ်တန့်နေတာကြောင့် ဒေသတွင်း အလုပ်အကိုင်ရှားပါးမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရသည်ဟု ဆိုသည်။
ထိုအခြေအနေကြောင့် သံတွဲဒေသခံ အသက်အရွယ်မရွေး ကလေးငယ်များမှအစ သက်ကြီးရွယ်အိုများအထိ မြို့တွင်းလှည့်လည် အလှူခံခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။
သံတွဲမြို့သို့ရောက်ခဲ့သည့် ပေါက်တောဒေသခံ အမျိုးသားတစ်ဦးက “ကျနော်တို့ဆိုင်ကယ်နဲ့ သံတွဲမြို့ကိုဝင်တော့ မြို့အဝင်အနီးကနေ ဈေးတန်းရောက်တဲ့အထိ ငါးနှစ်လောက်ရှိမယ့် ကလေးတွေကအစ သက်ကြီးအရွယ်အိုတွေ အထိ တန်းစီးပြီး တောင်းရမ်းနေတာကို မြင်ခဲ့ရတယ်။ တော်တော်သနားဖို့ကောင်းတယ်။ ရင်နာဖို့လည်း ကောင်းတယ်။ ယုံတောင် မယုံနိုင်ဘူး။ ရင်ကွဲရတယ်” ဟု ပြောသည်။
သံတွဲမြို့နယ်တွင် လူမှုကူညီရေးအဖွဲ့များနည်းပါးမှု၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်မှုနှင့်အတူ အလှူငွေရရှိမှုနည်းပါးမှုတို့ကြောင့် စစ်ဘေးရှောင်များနှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုပိုင်းမှာလည်း အားနည်းသည်။
ယခုကဲ့သို့ စစ်ဘေးရှောင်များတောင်းရမ်းစားသောက်နေရမှုအပေါ် ဖြေရှင်းနိုင်ရန်အတွက် နေရပ်ပြန်ခွင်ရရေးနှင့် ပြန်လည်နေရာချထားရေးတို့ကို ULA/AA က စီစဥ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုမှုများ ရှိနေသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစတင်ခဲ့သည့် တိုက်ပွဲကြောင့် ရခိုင်တွင် စစ်ဘေးရှောင်ဦးရေ ၇ သိန်းနီးပါးရှိနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများကို ရင်ဆိုင်ဖြတ်သန်းနေကြရသည်။
အောင်ထိန် (DMG) ပေးပို့သည်။