23 ဧပြီ 2025 /

See today's Peace Related News

သတင်းသံတွဲပင်လယ်ပြင်တွင် စစ်ကောင်စီရေယာဉ် အသွားအလာရှိတာကြောင့် ဒေသခံများ ငါးဖမ်းခွင့်မရရှိသေး

သံတွဲပင်လယ်ပြင်တွင် စစ်ကောင်စီရေယာဉ် အသွားအလာရှိတာကြောင့် ဒေသခံများ ငါးဖမ်းခွင့်မရရှိသေး

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ သံတွဲမြို့အနီးပင်လယ်ပြင်တွင် စစ်ကောင်စီ ရေယာဉ်များ အသွားအလာရှိနေဆဲဖြစ်နေတာကြောင့် ဒေသတွင်းငါးဖမ်းလုပ်ကိုင်ကြသူများ ငါးဖမ်းခွင့် မပြုလုပ်နိုင်သေးကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီရေယာဉ်များ အသွားအလာရှိနေ၍ အာရက္ခတပ်တော်က ဒေသခံငါးဖမ်းလုပ်ကိုင်သူ များ၏ လုံခြုံရေးအတွက် ကမ်းနီးနေရာများတွင်သာ ငါးဖမ်းရှာဖွေခွင့်ပြုထားသည်ဟု ၎င်းတို့က ပြောဆိုသည်။

သံတွဲဒေသခံတစ်ဦး “တပ်တော်ဘက်က ငါးဖမ်းလုပ်သားတွေ လုံခြုံရေးအတွက် ကန့်သတ်ထားတယ်။ ကမ်းနီးနေရာတွေမှာပဲ ငါးဖမ်းရမယ်ဆိုတာမျိုးပေါ့” ဟု ပြောသည်။

စစ်ကောင်စီရေယာဉ်များက သံတွဲဒေသ ငါးဖမ်းဇုန်များရှိရာ ပင်လယ်ပြင်တွင် ရံဖန်ရံခါ သွားလာမှုရှိနေခြင်းကြောင့် လုံခြုံစွာ ငါးရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိသေးဟုလည်း အဆိုပါ သံတွဲဒေသခံက ဆက်ပြောသည်။

“Navy တွေက တခါတလေ ပင်လယ်ပြင်မှာတွေ့နေရသေးတယ်။ အရင်လောက် အသွားအလာမများတော့ပေမယ့် ရောက်လာနေသေးတယ်။ အဲလိုရှိ နေသေးတော့ ငါးဖမ်းသမားတွေလည်း လုံးဝလွတ်လွတ်လပ်လပ် ရှာဖွေတာတွေ မလုပ်နိုင်သေးတာ” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်ရေယာဉ်များ ဖြတ်သန်းသွားလာမှုသည် မည်သည့်နေရာမှ လာရောက်ကာ မည်သည့်နေရာသို့ သွားလာနေသည်ကို မသိရှိကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

သံတွဲမြို့နယ်မှ နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်စခန်းကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်တွင် အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းပိုက်ပြီး ငါးဖမ်းဇုန်များတည်ရှိရာ သံတွဲမြို့နယ်တစ်ခုလုံးကိုလည်း AA က ထိန်းချုပ်ထားနိုင်ခဲ့သည်။

လက်ရှိတွင် အာရက္ခပြည်သူ့အစိုးရက သံတွဲဒေသစစ်ဘေးသင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာနှင့် ပညာရေးကဏ္ဍများကို ဆောင်ရွက်ပေးလျက်ရှိနေကြောင်း ဒေသခံများက ပြောပါသည်။

သို့သော် စစ်ဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာလိုအပ်ချက် အများအပြား ရှိနေသေးသည်ဟုလည်း ဒေသခံတို့က ပြောဆိုကြသည်။

နိရဉ္စရာ ပေးပို့သည်။