26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းသံတွဲနှင့်ဂွတွင် မိုင်းအလုံးရေ ၂ဝဝဝ ကျော်ကို AA ရှင်းလင်းနိုင်ခဲ့

သံတွဲနှင့်ဂွတွင် မိုင်းအလုံးရေ ၂ဝဝဝ ကျော်ကို AA ရှင်းလင်းနိုင်ခဲ့

ရခိုင်ပြည်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် မြေမြှုပ်မိုင်းအလုံးရေ ၂ဝဝဝ ကျော်ကို အာရက္ခတပ်တော် (AA) က ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။

ထိုသို့ရှင်းလင်းရာတွင် သံတွဲမြို့နယ်တွင် မြေမြှုပ်မိုင်းအလုံးရေ ၅၀၀ ခန့်နှင့် ဂွမြို့နယ်တွင် ၁၅၀၀ ကျော်ခန့်အထိ ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

AA နှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက “ငပလီကမ်းခြေဘက်ကို အခုထိ ပြည်သူတချို့ကို ဝင်ခွင့်မပေးသေးတာ အကြောင်းရှိတယ်။ စစ်ကောင်စီ ထောင်ထားခဲ့တဲ့မိုင်းတွေ နည်းတာမှမဟုတ်တာ။ နောက် ဂွ ဘက်လမ်းကြောတလျှောက် တောတောင်တွေ၊ စစ်တပ်အထိုင်ချခဲ့တဲ့နေရာတွေ အကုန်ရှင်းပေးနေပါတယ်” ဟု ပြောသည်။

သံတွဲနှင့် ဂွ မြို့နယ်တို့ကို AA က အပြီးသတ် သိမ်းပိုက်ပြီးနောက်ပိုင်း ယင်းဒေသများရှိ စစ်ကောင်စီတပ်စခန်းချခဲ့သော နေရာများ၊ တောတောင်၊ ကားလမ်း၊ လူနေခြံဝင်းများပါမကျန် မိုင်းရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဂွမြို့ဒေသခံ အမျိုးသားတစ်ဦးက “AA က မိုင်းတွေရှင်းနေတာတွေ့ပါတယ်။ အဲအထဲမှာ မြေမြှုပ်မိုင်းအပြင် စစ်ပွဲတုန်းက စစ်ကောင်စီပစ်ထားခဲ့တဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်ဗုံးသီးတချို့လည်း တွေ့ရတယ်။ သူတို့တပ်ဆုတ်သွားတဲ့ လမ်းတလျှောက်က တောတောင်တွေအပြင် အရပ်သားပြည်တွေရဲ့ လယ်ယာစိုက်ခင်းတွေမှာပါ လုပ်စားမရအောင် မိုင်းထောင်ထားခဲ့တယ်” ဟု ပြောသည်။

AA က သံတွဲမြို့နယ်ကို ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နှင့် ဂွမြို့နယ်ကို ၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ မိုင်းထောင်ထားခဲ့မှုကြောင့် တောတောင်ကို မှီခိုစီးပွားရှာရသော သံတွဲနှင့် ဂွဒေသခံများသည် ထင်းရှာ၊ ဟင်းရှာ၊ လယ်စိုက်၊ ကိုင်းထွန် မှအစ မိုင်းနင်းမိပြီး သေဆုံး ထိခိုက်ဒဏ်ရာရခြင်းများ မကြာခဏ ကြုံတွေ့နေရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ မေလအထိ ၅ လအတွင်း သံတွဲနှင့် ဂွမြို့နယ်အပါအဝင် ရခိုင်တွင် မိုင်းနှင့် စစ်ကျန်လက်နက်များပေါက်ကွဲမှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၆ဝ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကောက်ယူထားသည့် မှတ်တမ်းများအရ သိရသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် သံတွဲအပါအဝင် အာရက္ခဒေသအတွင်း မိုင်းနှင့် စစ်ကျန်လက်နက် အန္တရာယ်ဆိုင်ရာ ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ်များ၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။