30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းသံတွဲစစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်

သံတွဲစစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်

ရခိုင်ပြည်၊ သံတွဲမြို့နယ်က စစ်ဘေးရှောင်များသည် အလှူရှင်နည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ စစ်ဘေးရှောင်ချိန် ကြာမြင့်လာခြင်းနှင့် ကုန်ဈေးနူန်း အဆမတန်မြင့်တက်ခြင်းတို့ကြောင့် စားဝတ်နေရေး အခက်ကြုံနေကြောင်း စစ်ဘေးရှောင်တို့က ပြောဆိုသည်။

သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၂,၀၀၀ ကျော်ရှိပြီး လက်ရှိတွင် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်အတူ ငတ်ပြတ်နေသူများလည်း ရှိလာကြောင်း စစ်ဘေးရှောင်များနှင့် စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောသည်။

“ပင်လယ်ထွက်ဖို့ကလည်း အဆင်မပြေတော့ လုပ်စရာ အလုပ်မရှိဘူး။ စစ်ဘေးရှောင်တာလည်း ကြာလာပြီ။ ရောင်းစားစရာလည်း မရှိတော့ဘူး။ အခုနောက်ပိုင်း ကူညီထောက်ပံ့ရေးအဖွဲ့ဆိုလည်း သိပ်မရောက်တော့ အငတ်ဘေးဆိုက်တော့မယ်” ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

သံတွဲဒေသခံများသည် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းကို အဓိက မှီခိုလုပ်ကိုင်စားသောက်ကြပြီး လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေတာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြခြင်း ဖြစ်သည်။

ယင်းအပြင် ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့အစည်းများမှာလည်း အလှူငွေရရှိမှု နည်းပါးကာ ကျန်းမာရေးစောင့်ရှောက်မှုများကိုပါ ကူညီနေရသောကြောင့် စစ်ဘေးရှောင်စခန်းအချို့မှာ ရိက္ခာပြတ်လပ်မှုများ ရှိလာသည်။

“တချို့စစ်ရှောင်စခန်းတွေဆို စားနပ်ရိက္ခာပြတ်လပ်မှုတွေ ကြုံနေရတယ်။ ဒီဒေသက အဖွဲ့အစည်းတွေကတော့ စစ်ဘေးရှောင်တွေ ဆေးကုသတဲ့ဘက်ကိုလည်း အားစိုက်နေရတော့ စားနပ်ရိက္ခာဘက်ကို အားနည်းသွားတာပေါ့။ ကျနော်တို့ ဆန်တစ်ခုပဲလှူနိုင်တဲ့အခါ ထမင်းတစ်ခုပဲစားကြရတဲ့ စစ်ရှောင်တွေရှိတယ်” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ဦးဖြိုးမောင်မောင်က ပြောသည်။

ယင်းအပြင် စစ်ဘေးရှောင်များမှာ အာဟာရချို့တဲ့ခြင်း၊ ကာလကြာမြင့်စွာ အမိုးအကာမလုံခြုံသည့် နေရာများတွင် နေထိုင်ရခြင်းတို့ကြောင့် ကျန်းမာရေးချို့တဲ့သူများလည်းရှိသည်ဟု လေးဝတီ- သံတွဲ စစ်ဘေးရှောင်များ ကူညီထောက်ပံရေးအဖွဲ့က ဧပြီ ၆ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။

ရခိုင်က စစ်ဘေးရှောင်များသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စားနပ်ရိက္ခာ မလုံလောက်မှု၊ အရေပြား ယားနာအပါအဝင် ရေရှားပါးသည့် ပြဿနာတို့ကိုလည်း ဆိုးရွားစွာ ရင်ဆိုင်နေကြရသည်။

အောင်ထိန် (DMG) ပေးပို့သည်။