29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းသံတောင်-တောင်ငူလမ်း ပိတ်ထားသဖြင့် ပစ္စည်းများပြတ်လပ်နေပြီး ရက်ကြာရှည်ပိတ်ထားမည်ကို ဒေသခံများ စိုးရိမ်နေ

သံတောင်-တောင်ငူလမ်း ပိတ်ထားသဖြင့် ပစ္စည်းများပြတ်လပ်နေပြီး ရက်ကြာရှည်ပိတ်ထားမည်ကို ဒေသခံများ စိုးရိမ်နေ

ကရင်အမျိုးသားအစည်းအရုံး – KNU ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ တပ်မဟာ (၂)၊ သံတောင်ကြီးမှ တောင်ငူမြို့နယ်သို့ ကူးသန်းသွားလာသည့် အဓိကလမ်းမကြီးကို KNU မှ ပိတ်ထားသဖြင့် နေရာအချို့တွင် ကုန်ပစ္စည်းများ ပြတ်လပ်နေပြီး ရက်ကြာရှည်ပိတ်ထားမည်ကို စိုးရိမ်နေရကြောင်း သံတောင်ကြီးဒေသခံများက ပြောဆိုသည်။

နယ်မြေအတွင်းသွားလာသည့် ဒေသခံများ၏လုံခြုံရေးအတွက် KNU တပ်မဟာ (၂) ဘက်က အဆိုပါလမ်းကို မေလ ၁ ရက်နေ့ကစတင်၍ ပိတ်ထားခဲ့ခြင်းဖြစ်သော်လည်း ပြန်ဖွင့်မည်နေ့ကို သတ်မှတ်ထားခြင်း မရှိသေးပေ။

ယင်းသို့ လမ်းပိတ်ထားပြီးနောက်ပိုင်း သံတောင်ကြီးမြို့တွင် စက်သုံးဆီနှင့် စားသုံးကုန်ပစ္စည်းအချို့ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး လိပ်သိုမြို့တွင်လည်း ဆန်ဈေးများ မြင့်တက်လာသဖြင့် ရက်ကြာရှည် လမ်းပိတ်ထားမည်ကို စိုးရိမ်ရသည်ဟု သံတောင်ကြီးမြို့နေ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လမ်းပိတ်မယ်လို့ ကြိုသိတဲ့ ၂ ရက်လောက်က တောင်ငူမှာ ဆန်သွားဝယ်ကြတယ်။ ဒါပေမဲ့ ကြားနေကြဆိုတော့ ပုံမှန်ပဲထင်ပြီး အများကြီးဝယ်မထားကြတာ။ ဒီပုံစံအတိုင်း တစ်လ၊ နှစ်လလောက်ထိ ပိတ်ထားဦးမယ်ဆို အဆင်မပြေဘူး။ အခုတောင် ဆန်ဆိုင်တချို့ဆို အရောင်းပါးသွားပြီ။ တချို့စားစရာတွေ ပစ္စည်းပြတ်တယ်။ ဓာတ်ဆီလည်း မရောင်းတော့ဘူး။ ဟိုရက်က ထုတ်ရောင်းတဲ့ဆီတောင် တစ်လီတာ တစ်သောင်းခွဲအထိ ပေးရတယ်” ဟု ပြောသည်။

စားသောက်စရာများအပြင် ကျန်းမာရေးကိစ္စ အရေးပေါ်ဖြစ်လာပါက တောင်ငူမြို့သို့သာ အားထားသွားရမည်ဖြစ်သောကြောင့် ဒေသခံအများစုမှာ တောင်ငူ – သံတောင်လမ်း ပိတ်ထားသည့်အတွင်း အရဲစွန့်ပြီး မသွားလာရဲကြဟု ပြောဆိုကြသည်။

တောင်ငူမြို့ခံ အမျိုးသမီးနောက်တစ်ဦးက “ဟိုဘက်မှာ ဆန်တို့ဆီတို့ ပြတ်ကုန်ပြီလို့ပြောတယ်။ တောင်ပေါ်ကနေ ဒီဘက်ကို အလုပ်လာလုပ်တဲ့သူတွေလည်း ရှိတယ်လေ။ သွားပြီးပြန်ဆင်းလာမရတော့ ဟိုဘက်ရောဒီဘက်ရော ပိတ်မိသလိုဖြစ်နေတာ။ တချို့ဆို မိခင်နဲ့ကလေးတွေ တကွဲတပြားဖြစ်ကုန်တာလည်းရှိတယ်။ တောင်ငူကနေ ခြောက်မိုင်အထိ သွားလို့ရတယ်ဆိုပေမယ့် ဟိုနေ့က လက်နက်ကြီးကျလို့ လေးမိုင်အထိတောင်သွားမရဲတော့ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့က တောင်ငူ-သံတောင်လမ်း၊ လေးမိုင်တွင်နေထိုင်သည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျပြီးသေဆုံးခဲ့တာကြောင့် ဒေသခံများသည် လေးမိုင်မှ ဆက်ပြီးမသွားမလာရဲသည့် အခြေအနေရှိကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ထို့အတူ စစ်ကောင်စီတပ်က အာဏာသိမ်းထားသည့် လေးနှစ်တာကာလအတွင်း တောင်ငူ-သံတောင်-လိပ်သို လမ်းမကြီးပေါ် ဖြတ်သန်းပြေးဆွဲနေသည့် ကုန်တင်ယာဥ်များအပါအဝင် တောင်ငူမှဆန်ကို အဓိကထား ဝယ်ယူစားသုံးရသည့် ဒေသခံများမှာ စစ်ကောင်စီတပ်ဂိတ်များက အခွန် အဆမတန်ကောက်ယူခြင်း၊ ဆန်နှင့်ဓာတ်ဆီ သယ်ဆောင်ခွင့် ကန့်သတ်ခြင်းတို့ကြောင့် လူမှုစီးပွားသွားလာရေးတွင် အခက်အခဲများနှင့် တွေ့ကြုံနေရသည်။

KIC ပေးပို့သည်။