သံတောင်မြောက်ပိုင်း ကန်လှရွာတွင် အိမ်ခြေ ၅၇ လုံး မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ၂ ဦးသေဆုံး

0
249
Photo - CJ

ပဲခူးတိုင်းအရှေ့ပိုင်း၊ တောင်ငူခရိုင်၊ သံတောင်မြောက်ပိုင်း (အထူးဒေသ) နယ်မြေရှိ ကန်လှကျေးရွာနှင့် ကြာကန်ကျေးရွာအကြားတွင် နှစ်ဖက်တပ် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကန်လှကျေးရွာအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာမှာ နေအိမ် ၅၇ လုံး မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့အကြား ဖေဖော်ဝါရီ ၈ ရက်နေ့က စတင်၍ ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်အားထပ်မံဖြည့်တင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အိမ်ခြေ ၁၀၀ နီးပါးရှိသည့် ကန်လှကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောပါသည်။

ဒေသခံအမျိုးသားတစ်ဦးက “တိုက်ပွဲညနေပိုင်းပြီးတာ ညလည်းမှောင်သွားတော့ စစ်တပ်ဘက်က စစ်ကူ ရောက်လာတယ်။ သူတို့လူနာလည်းကောက်ရင်း ရွာကိုလည်း မီးဝင်ရှို့တယ်။ ရွာမှာအိမ်ခြေက ကိုးဆယ်ကျော် ရှိတာ အကုန်ရှို့တာ၊ လုံးဝပြာကျသွားတာက ၅၇ လုံး တချို့ကတော့ အစအနလောက်လေးပဲ လောင်တာ။ မလောင်တဲ့အိမ်တော့ မလောင်ဘူး” ဟု ပြောဆိုသည်။

စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ ရုတ်တရတ်ထိတွေ့ရာမှ ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ရွာရှိဒေသခံများ အသက်လုပြေးခဲ့ရပြီး နေအိမ်တွင်ကျန်ရစ်ခဲ့သူ အဘွားအိုတစ်ဦးလည်း မီးလောင်ပြင်ထဲ ပိတ်မိသေဆုံးခဲ့ကြောင်းနှင့် ယင်းအပြင် စစ်ကောင်စီက လမ်းပြအဖြစ်ခေါ်ဆောင်လာသည့် အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့ရကြောင်း ဒေသခံတို့ကပြောသည်။

သေဆုံးသူအဘွားအိုမိသားစုနှင့် နီးစပ်သူဒေသခံက “တိုက်ပွဲ ရုတ်တရက်ဖြစ်တော့ ရွာကလူတွေလည်း ကမန်းကတန်း ထပြေးလိုက်ရတယ်။ ပါသွားတဲ့အဘွားက အစကတည်းက လေဖြတ်နေတာ၊ သူ့မိသားစုက စစ်တပ်ကို အိမ်မီးမရှို့လောက်ဘူးထင်ပြီးတော့ အိမ်တံခါးပိတ်ပြီး ဒီတိုင်းထားခဲ့လိုက်ရာကနေ မီးထဲပါသွားတာပဲ” ဟု ဆိုသည်။

နေအိမ်မီးရှို့ဖျက်ဆီးမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း တိုက်ပွဲကြောင့် ရွာခံများအားလုံး ဘေးလွတ်ရာ မြို့ရွာများသို့ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အဆိုပါကျေးရွာဒေသခံများက ပြောပါသည်။

ပြီးခဲ့သည့် ဇန်နဝါရီပိုင်းကလည်း စစ်ကောင်စီသည် တောင်ငူခရိုင်အတွင်း ရေတာရှည်မြို့နယ်၊ ထန်းတပင်မြို့ရှိ ကယားပြုံးချောင်း၊ ရှမ်းပြုံးချောင်း၊ မရိုးခုံ၊ သဖန်းဇင်ကျေးရွာတို့မှ ဒေသခံနေအိမ်များကို တော်လှန်ရေး လုပ်ကိုင်သူများနှင့် ဆက်နွယ်နေသည်ဟု စွပ်စွဲပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာတွင် နေအိမ်စုစုပေါင်း ၁၀၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတို့ထံမှသိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here