ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းနှင့် ဒေသခံပိုင်နေအိမ် ၅ လုံးထက်မနည်းကို ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောဆိုသည်။
တောင်ငူ-လိပ်သို-မြသာကုန်းလမ်းခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲ ပဋိပက္ခမရှိဘဲ ဘုရားကျောင်းနှင့် ဒေသခံနေအိမ်များကို အကြောင်းအရင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၅ လုံးထက်မနည်းနှင့် ရိုမန်ကက်သလစ် (RC) ဘုရားရှစ်ခိုးကျောင်း မီးလောင်ပြာကျခဲ့ရသည်ဟု ဒေသခံတို့က ပြောသည်။
သံမိုးတောင်ရွာခံ အမျိုးသားတစ်ဦးက “အိမ်ကတော့ ၆ လုံး ၇ လုံးလောက် ပြာကျကုန်တယ်။ ဘုရားကျောင်းက ခြံဝင်းနဲ့ဆိုတော့ ဝင်းထဲကအဆောင် ဘယ်နှစ်ဆောင်လောက် ပါသွားလဲမသိဘူး။ စစ်တပ်ပဲ သံမိုးတောင်ရွာထဲမှာ တပ်စွဲထားတာ။ အခုနောက်ပိုင်းက လိပ်သို-မြသာကုန်း လမ်းခွဲကစခန်းကုန်းမှာ သူတို့တပ်ပြောင်းနေတယ်။ ရွာထဲ မီးရှို့တာလည်း အဲဒီသူတို့ လှုပ်ရှားတပ်တွေပဲ” ဟု ပြောသည်။
သံမိုးတောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလပိုင်းက စစ်ကောင်စီကနေ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ရွာအနီးနားဝန်းကျင်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာသဖြင့် ဒေသခံအများစုသည် နေအိမ်မှ စွန့်ခွာရှောင်တိမ်းနေကြသည့် ရွာလည်းဖြစ်သည်။
ယင်းနောက် စစ်ကောင်စီတပ်က ရွာအတွင်း လူမရှိသည့်နေအိမ်များတွင် တပ်စွဲနေထိုင်ပြီး အိမ်ရှိပစ္စည်းများ ခိုးယူသုံးစွဲသည့်အပြင် သံမိုးတောင်စာသင်ကျောင်း၌ တပ်စွဲနေခြင်းကြောင့် ဒေသခံများ၏ လူနေမှုဘဝနှင့် ပညာရေး ထိခိုက်လာသဖြင့် ရွာလုံးကျွတ် ပြောင်းရွှေ့နေထိုင်ခဲ့ကြရသည်ဟု သံတောင်ကြီးနယ်ခံတို့က ဆိုသည်။
ဒေသခံအမျိုးသား နောက်တစ်ဦးက “သံမိုးတောင်မှာက လူမနေတာကြာပြီ။ ရွာကအိမ်တွေရော၊ ရိုမန်ကက်သလစ်ဘုရားကျောင်းရော မီးရှို့ခံရတဲ့အထဲ ပါတယ်” ဟု ပြောသည်။
ဧပြီ ၇ ရက်နေ့ ရွာမီးရှို့ခြင်းမခံရခင် သံမိုးတောင်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း တောင်ငူမြို့နယ်၊ ပဒဲကျေးရွာတွင် ဧပြီ ၆ ရက်နေ့ကတည်းက နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။
ယင်းနောက် သံမိုးတောင်ရွာ မီးရှို့ခံရမှုဖြစ်စဥ်နောက်ပိုင်း ထုံးဘိုကြီးရွာနားတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အတူ အဆိုပါတိုက်ပွဲများအတွင်း အထိနာလာသည့် စစ်ကောင်စီတပ်က ထုံးဘိုကြီးကျေးရွာသို့ ဆုတ်ခွာရာ လမ်းတွင် ကျေးရွာရှိ ဆိုင်ကယ်များ၊ ဈေးဆိုင်များကိုလည်း ဖျက်ဆီးခဲ့သေးသည်ဟု ဒေသခံကာကွယ်ရေးတပ်များက ပြောသည်။
စစ်တပ်အာဏာသိမ်းထားသည့်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကြောင့် နိုင်ငံအနှံ့ရှိ ပြည်သူပိုင်နေအိမ် ၁ သိန်း ၁ သောင်းကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီးဖြစ်ကြောင်း အာဏာသိမ်းကာလ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို မှတ်တမ်းပြုစုနေသည့် Data for Myanmar အဖွဲ့၏ မတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
KIC ပေးပို့သည်။