ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြသာကုန်းကျေးရွာနှင့်အနီးတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၄ ဦးအား ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် မိသားစုနှင့် အဆက်အသွယ်မရရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
စက်တင်ဘာ လကုန်ပိုင်းက မြသာကုန်းကျေးရွာနှင့် ပင့်သီလာကျေးရွာကြားတွင် တော်လှန်ရေးအတွက် ထောက်ပို့ လုပ်ဆောင်သည့်စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီး ၃ ဦး အား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့တွင်လည်း မြသာကုန်းကျေးရွာအတွင်း ဝင်ရောက်၍ အမျိုးသား ၄ ဦးကို ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
“အမျိုးသမီး ၃ ယောက်ကတော့ တော်လှန်ရေးအတွက် ထောက်ပို့ပေးတယ်၊ ရိက္ခာတွေ သယ်ပေးတယ်ဆိုပြီး ဆွဲခံရတာပါ။ မြသာကုန်း၊ ပင့်သီလာဘက်မှာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
အောက်တိုဘာ ၁ ရက်နေ့က စစ်ကောင်စီ၏ ဖမ်းဆီးခံလိုက်ရသော သက်လတ်ပိုင်းအရွယ် ရွာခံ အမျိုးသား ၄ ဦး အား တော်လှန်ရေးနှင့် ပတ်သက်သည်ဟု သံသယရှိသဖြင့် ကျေးရွာအလယ်တန်းကျောင်းတွင် တစ်ညကြာ စစ်ဆေးပြီးမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်ပြတ်နေသည် ဟု သံတောင်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“အဲဒီညက ကျောင်းမှာဖမ်းထားပြီး စစ်တယ်။ ည ၁၂ နာရီလောက်ကြတော့ ကားနဲ့ သံမိုးတောင်ဘက်ကို ခေါ်သွားတယ်။ နောက် ကျနော်တို့ လိုက်မေးကြည့်တော့ တောင်ငူဘက်ကို ခေါ်သွားတယ်ပြောတယ်။ သံမိုးတောင် အထိက မိသားစုကို လာတွေ့ခိုင်းသေးတယ်။ နောက်ပိုင်းတော့ ပြန်လည်းမလွတ်သေးဘူး ဘာသတင်းမှလည်း မကြားရတော့ဘူး” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က မော်တော်ယာဥ်တချို့အား ယာယီဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ပြီး တော်လှန်ရေးနှင့် စပ်လျဥ်း၍ စစ်ဆေးဖမ်းဆီးမှု များပြားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ယခုအခါ တောင်ငူ-လိပ်သို လမ်းပိုင်းကို ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်သော်လည်း ယခင်အတိုင်း စစ်ဆေးမှု များပြားနေပြီး သတိထား သွားလာနေရသည်ဟု ဒေသခံများက ပြောဆိုကြသည်။
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၂) ထိန်းချုပ်ရာ တောင်ငူခရိုင်အတွင်းရှိ သံတောင်ကြီး မြို့နယ်အတွင်း စစ်ရေးပဋိပက္ခများ ဆက်ရှိနေပြီး စစ်ကောင်စီ၏ စားနပ်ရိက္ခာနှင့်ဆေးဝါး သယ်ဆောင်ခွင့် ပိတ်ဆို့မှုများ၊ အစစ်အဆေးနှင့် မကြာခဏ ဖမ်းဆီးခံရမှုများကြောင့် ယခုနောက်ပိုင်းတွင် စစ်ဘေးရှောင် ထောက်ပံ့မည့် ရိက္ခာပို့ဆောင်ရေးလမ်ကြောင်းခဲယဥ်းပြီး ရိက္ခာပြတ်လပ်မှုများ ဖြစ်လာနေကြောင်း စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။
အလားတူ မြန်မာနိုင်ငံတဝှမ်း တိုင်းနှင့်ပြည်နယ်အလိုက် ၂၀၂၁ ခုနှစ်မှ ယခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံရေးနှင့် ပတ်သက်၍ စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသော အမျိုးသမီးစုစုပေါင်း ၃,၁၇၅ ဦး၊ ပြစ်ဒဏ်ချမှတ် ခံထားရသူ ၅၃၈ ဦးနှင့် သေဆုံးသူ ၆၁၄ ဦးအထိရှိနေပြီး စုံစမ်းဆဲ အရေအတွက်အရ ဒီထက် ပိုမိုများပြားနိုင်သည်ဟု နိုင်ငံရေးအကျဥ်းသားများစောင့်ရှောက်ရေးအသင်း (AAPP) နှင့် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တို့မှ စာရင်းပြုစုထုတ်ပြန်ချက်များအရ သိရသည်။
ကေအိုင်စီ ပေးပို့သည်။