28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းသံတောင်ကြီးတွင် ဖုန်းနှင့်အင်တာနက်လိုင်း ပြတ်တောက်မှုပိုဆိုးရွားပြီး ဆက်သွယ်ရေးနှင့် သတင်းရရှိရေး ခက်ခဲနေ

သံတောင်ကြီးတွင် ဖုန်းနှင့်အင်တာနက်လိုင်း ပြတ်တောက်မှုပိုဆိုးရွားပြီး ဆက်သွယ်ရေးနှင့် သတင်းရရှိရေး ခက်ခဲနေ

KNU – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၂)၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့တွင် ဖုန်းနှင့်အင်တာနက် လိုင်းပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး ဆက်သွယ်ရေးနှင့် သတင်းရရှိရေးအတွက် အခက်အခဲရှိနေကြောင်း နယ်ခံများနှင့် မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက သံတောင်ကြီးမြောက်ပိုင်း လိပ်သိုဒေသတလျှောက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန်နှင့် ပဋိပက္ခတစုံတရာဖြစ်ပွားစဥ် ဖုန်းလိုင်း မကြာခဏဖြတ်တောက်ခံခဲ့ရပြီး ယခု ၂၀၂၅ ခုနှစ်တွင် တိုက်ပွဲမရှိသည့် သံတောင်ကြီးမြို့ပေါ်ပါ ဖုန်းနှင့်အင်တာနက်လိုင်း ပြတ်တောက်မှု သိသိသာသာ ဆိုးရွားလာသည်ဟု နယ်ခံများက ပြောဆိုသည်။

သံတောင်ကြီးမြို့ခံတစ်ဦးက “မြို့ထဲမှာမရရင်တောင် တခါတလေ ဘုရင့်နောင်တပ်ထဲက တာဝါတိုင်က Wave (ဖုန်းလိုင်း) ရတဲ့နေရာမှာ သုံးလို့ရသေးတယ်။ အကြောင်းရှိရင် ဖုန်းလေးဆက်ပြီးခေါ်လို့ရတယ်။ အခုက အကုန်ပျောက်နေပြီ။ တစ်ခုခုပြောချင်ရင်တောင် လူကိုယ်တိုင်သွားနေရတယ်။ အရင်ခေတ် ပြန်ရောက်နေသလိုပဲ” ဟု ပြောသည်။

ထို့အတူ သံတောင်ကြီးသတင်းများ စုံစမ်းလိုသည့် ဒေသတွင်းမီဒီယာသမားတချို့၏ ပြောဆိုချက်အရ ဒေသတွင်း နယ်မြေနှင့် ဒေသခံအခြေအနေ အတည်ပြုစုံစမ်းရာ၌ ဖုန်းနှင့်အင်တာနက်လိုင်း အခက်အခဲကြောင့် အချိန်ကြန့်ကြာပြီး သတင်းအချက်အလက် ပေးပိုင်ခွင့်၊ ရပိုင်ခွင့် သိသိသာသာဆုံးရှုံးနေသည်ဟု ဆိုကြသည်။

လိပ်သိုနယ်ဘက်တွင် စစ်ကောင်စီတပ်က ဆက်သွယ်ရေးဖြတ်တောက်တတ်ထားသဖြင့် အရေးကြီးကိစ္စ ဆက်သွယ်လိုပါက လိုင်းရနိုင်မည့် ဝေးဝေးလံလံနေရာများသို့သွား၍ ဖုန်းလိုင်းဖမ်းယူ အဆက်အသွယ်ပြုလုပ်ရသည်ဟုလည်း လိပ်သိုနယ်ခံများက ပြောဆိုထားသည်။

လူ့အအခွင့်အရေးချိုးဖောက်ခံရမှုများ မှတ်တမ်းတင်လေ့ရှိသည့် အသံအဖွဲ့၏ ပြီးခဲ့သည့် မတ်လအတွင်း ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားသည့်ကာလအတွင်း ကရင်ပြည်နယ်အပါအဝင် ပြည်နှယ်နှင့်တိုင်းဒေသကြီးရှိ ၂၀၃ မြို့နယ်တွင် ဆက်သွယ်ရေးပြတ်တောက်မှုအကြိမ်ရေ ၄၆၀ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထို့အတူ မြန်မာအင်တာနက်ပရောဂျက် – MIP ကလည်း ဆက်သွယ်ရေးပြတ်တောက်မှုသည် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုများ ဆုံးရှုံးခြင်းတို့ကို တွေ့ကြုံစေသည်ဟု ဧပြီလ ၂၈ ရက်နေ့က ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

KIC ပေးပို့သည်။