ကချင်ပြည်နယ်၊ ဝိုင်းမော်မြိုရှိ ဒေသအစုအဖွဲ့ပိုင်သစ်တော (CF) နေရာတွင် ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က သံကျောက်သတ္တုတူးဖော်နေသည်ကို ကန့်ကွက်သည့် ဒေသခံများကို ပြည်သူ့စစ်တပ်ဖွဲ့က လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။
ဝိုင်းမော်မြိုနယ် အောင်မြေ – ၁ (Nlung hka mare) ကျေးရွာမှ ၄ မိုင်အကွာ အင်ဒုံဘွမ် (Ndung bum) အနီးရှိ ဒေသခံများ၏ အစုအဖွဲ့ပိုင်သစ်တော CF နယ်မြေတွင် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က ပြီးခဲ့သည့် မေလ ၂၉ ရက်မှ စပြီး ဘတ်ဟိုး ၂ စီးဖြင့် ဝင်ရောက်လာပြီး သံကျောက်သတ္တု စတင်တူးဖော်လာခြင်းဖြစ်ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။
အစုအဖွဲ့ပိုင်သစ်တော ကော်မတီအဖွဲ့ဝင်တချို့ ၎င်းတို့၏ CF နယ်မြေတွင် သတ္တု မတူးဖော်ရန် စကားဖြင့်ပြောဆို ကန့်ကွက်ခဲ့သည့်အပြင် စာဖြင့် တင်ပြကန့်ကွက်မှုများ ပြုလုပ်ခဲ့ရာတွင် အောင်မြေ ၁ ပြည်သူ့စစ်အဖွဲ့က ကန့်ကွက်သည့် CF ကော်မတီဝင်ဒေသခံများကို လိုက်လံရှာဖွေပြီး ဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။
“ဘေးပတ်ဝန်းကျင် ဒေသခံတွေရဲ့ စိုက်ပျိုးမြေ CF နယ်မြေ ဖြစ်တာကြောင့် လုပ်လို့မရဘူးဆိုပြီး သစ်တောဦးစီးဌာန အဆင့်အဆင့်ကိုလည်း အကြောင်းကြား၊ တူးနေတဲ့ ပြည်သူ့စစ်အဖွဲ့ကိုလည်း သွားပြောတော့၊ အခုက သူ့ကို ဖမ်းဆီးမယ်ဆိုပြီး လိုက်ရှာဖွေနေတာကြောင့် လုံခြုံတဲ့နေရာမှာ ပုန်းခိုနေရတဲ့ အခြေအနေဖြစ်နေတာ” ဟု ၎င်းက ပြောသည်။
ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့သည် စက်ယန္တရားကြီးဖြင့် CF ဒေသအစုအဖွဲ့ပိုင် သစ်တော်ကြိုးဝိုင်းတွင် မေလ ၁၈ ရက်မှစပြီး သံသတ္တုကျောက်များ စတူးဖော်လာသည့်အတွက် CF ကော်မတီဝင်များ အပါအဝင် ဒေသခံပြည်သူ ၉ ဦးက သွားရောက်ပြောဆိုကန့်ကွက်ခဲ့ပြီးနောက် မြို့နယ်သစ်တောဦးစီးဌာန ၊ ခရိုင်သစ်တောဦးစီးဌာန၊ မရကရုံး၊ အုပ်ချူပ်ရေးရုံး စသည့် ဌာနများသို့ သံကျောက်တူးဖော်ခြင်းကို တားဆီးပေးရန် စာတင်ထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် အောင်မြေ ၁ (Nlung hka mare) ကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းပြီး နေ့ညမပျက် စစ်ရေးလှုပ်ရှားနေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောသည်။
“အခုက ရွှေမင်းက CF ကော်မတီဝင်အားလုံး ဖမ်းဆီးလာခဲ့ကြဆိုပြီး အမိန့်ထုတ်ထားတယ်ပြောတယ်။ ဒါကြောင့် ရွာမှာ ညတိုင်း CF ကော်မတီအဖွဲ့မှာ ပါဝင်တဲ့ ရွာသားတွေက တစ်ယောက်မှ နေလို့မရဘူး။ အကုန်လိုက်ရှာ နေကြတာ။ KIA နဲ့ဆက်စပ်သူတွေကို ဖမ်းတယ်ဆိုတဲ့ခေါင်းစဉ်ပါ တစ်ခါထဲတပ်ပြီး ရွာမှာမွှေနေတာ။ ညဆို ဘုရားကျောင်းမှာ ပြည်သူ့စစ်တွေ ၁၀ ယောက်ဝန်းကျင် တညလုံး ဝန်းရံစောင့်ကြည့်နေကြတာ”ဟု ၎င်းက ပြောသည်။
မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ် အောင်မြေ (၁) ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ ၁၀ နှစ်ကျော် ထိန်းသိမ်းလာခဲ့သည့် ဒေသအစုအဖွဲ့ပိုင်သစ်တော CF နယ်မြေတွင် စက်ယန္တရားကြီးများဖြင့် သံကျောက် စတင်တူးဖော်လာသည်ကို အလိုမရှိကြောင်း ဒေသခံအမျိုးသားခံ အမျိုးသားတဉီးက အခုလိုပြောသည်။
“ဘာပဲတူးတူး နိုင်ငံအတွက် အကျိုးပြုရင်တော့ မကန့်ကွက်ချင်ပါဘူး။ အခုက CF ဒေသခံတွေရဲ့ တရားဝင်နယ်မြေလည်း ဟုတ်တယ်။ ကိုယ့်အစုအဖွဲ့အတွက်ပဲ ကိုယ့်ကျိုးကိုပဲကြည့်ပြီး သယံဇာတတူး ဖော်တာတော့ ဘယ်အဖွဲ့မှ မသင့်တော်ဘူး။ အရင်က သံကျောက် မတူးသေးချိန် အနီးနား တရုတ်တစ်သျှူးငှက်ပျော်ပဲ စိုက်တာတောင် ကျနော်တို့ ရေ၊ ချောင်းတွေ ပျက်စီးကုန်တာ။ ရွှေတူးသလိုပဲ သံကျောက်တူးတာကိုလည်း တရားမဝင်မှုအားလုံး ကန့်ကွက်တယ်” ဟု ၎င်းက ပြောသည်။
အောင်မြေ ၁ (Nlung hka mare) ကျေးရွာအနီးရှိ ယင်း CF နယ်မြေသည် ဧက ၁၀၀၀ ကျော် ရှိပြီး အောင်မြေ (၁)၊ နောင်စီပေါ၊ ဝိုင်းမော် တာကရ၊ ခါးရှီ (Hkashi) စသည် ကျေးရွာဒေသခံ အိမ်ထောင်စု ၁၀၀ ကျော်အတွက် ပြီးခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက အစိုးရ တရားဝင်ချထားပေးသည့် CF နယ်မြေဖြစ်ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့သည် လမ်းသွားလမ်းလာ ပြည်သူများအား ဂိတ်ချပြီး ငွေကြေးတောင်းခံမှုများ၊ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်မှုများ ပုံမှန်ပြုလုပ်နေသည်ဟု ဒေသခံများ ပြောသည်။
Kachin News Group – ပေးပို့သည်