သီပေါ – နမ္မတူလမ်းမကြီးပေါ် မြောင်းတူးပြီး စစ်ကောင်စီတပ်က လမ်းကြောင်းဖြတ်တောက်ထား

0
166

သျှမ်းပြည်၊ သီပေါမြို့နယ် ကွန်စံလိတ်ရွာအနီးရှိ သီပေါ – နမ္မတူ လမ်းမကြီးပေါ်တွင် မြောင်းတူးပြီး စစ်ကောင်စီတပ်က လမ်းကြောင်းဖြတ်တောက်ထားကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

ဇွန်လ ၁၂ ရက် ညနေ ၃ နာရီကျော်မှ စတင်ပြီး သီပေါမြို့နယ် ပန်နေကျေးရွာနှင့် ကွန်စံလိတ်ကျေးရွာ အကြားရှိ သီပေါ – နမ္မတူ လမ်းမကြီးပေါ်တွင် စစ်ကောင်စီက မြောင်းတူးပြီး လမ်းကြောင်းဖြတ်တောက်လိုက်ခြင်းကြောင့် ကားသွားလာ၍ မရတော့ဘဲ တိုက်ပွဲ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

“လူနဲ့တူးပြီး နောက်မှ စက်ရောက်လာတာလို့ ပြောတယ်၊ ဗမာစစ်တပ်က တူးတာ။ ပန်နေရွာနားမှာတော့ စစ်ကောင်စီတပ်က ရှေ့ရက်ကတည်းက လာစောင့်နေတာ။ အခုတူးတာက ပန်နေရွာနဲ့ ကွန်စံလိတ်ရွာကြားမှာ လာတူးတာ။ မြောင်းတူးထားတာက လူတစ်ရပ်စာလောက် နက်တယ်။ သူတို့စစ်တပ်နားမှာ ကတုတ်ကျင်း တူးထားသလိုမျိုး မြောင်းအကျယ်ကြီးတူးတာ” ဟု သီပေါမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သီပေါစစ်ကောင်စီတပ်မှ မိုးတေကျေးရွာ အုပ်စုအတွင်းရှိ ပန်နေနှင့် ကွန်စံလိတ်ကျေးရွာ အကြား သီပေါ – နမ္မတူ ကားလမ်းမကြီးပေါ် မြောင်းတူးလိုက်ခြင်းကြောင့် အနီးအနားရှိ လယ်ကွက်ထဲမှ ရှောင်ကွင်းသွားလာရပြီး စားသောက်ကုန်ပြတ်လပ်ကာ အခက်အခဲဖြစ်မည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောပါသည်။

“ရွာတွေမှာ ထပ်ဖျက်ဦးမယ်လို့ ပြောသေးတယ်။ စစ်တပ်က လမ်းဖျက်လိုက်တော့ စစ်ဖြစ်တော့မယ်ဆိုပြီး ရွာထဲက ကုန်စုံဆိုင်တွေမှာ အလုအယက် ဝယ်ကြတာ ဈေးတက်ကုန်တယ်။ ရှေ့တခေါက်က လေယာဉ်နဲ့ လာပစ်တုန်းကဆိုရင် ထွက်ပြေးရတယ်။ အခုအိမ်ပြန်လာတာ ၄ လပဲ ရှိသေးတယ်” ဟု သီပေါမြို့နယ် ကွန်စံလိတ်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

TNLA တပ်ဖွဲ့ သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ္မတူနှင့် နမ့်ဆန်မြို့များသို့ သွားရောက်နိုင်သည့် သီပေါ – နမ္မတူ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဘက်မှ ယခုကဲ့သို့ မြောင်းတူး၍ လမ်းကြောပိတ်ဆို့လိုက်ခြင်းကြောင့် ဒေသခံများမှာ တိုက်ပွဲ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေပြီး မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ရန် မဖြစ်နိုင်ကြောင်း ပြောပါသည်။

အဆိုပါ ဒေသခံအမျိုးသားက “အခုလည်း အဝတ်တွေသိမ်းထားပြီး သတင်းပဲနားစွင့်နေရတယ်။ ဘယ်သူမဆို တိုက်ပွဲ ပြန်ဖြစ်တော့မယ် သတိနဲ့နေထားကြလို့ ပြောတာ။ လမ်းပေါ် မြောင်းတူးလိုက်တော့ မြို့ပေါ်ရှောင် လို့လည်း မရတော့ဘူး၊ တောတောင်ထဲပဲ ပြေးရတော့မှာ။ အကုန်လုံးက တိုက်ပွဲ ထပ်ဖြစ်မှာပဲ စိုးရိမ်ကြတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်ကလည်း သီပေါ – နမ္မတူ ကားလမ်းမကြီးပေါ်ရှိ မိုးတေတံတားကို စစ်ကောင်စီတပ်သားများက ဗုံးခွဲဖျက်ဆီးခဲ့ပြီးနောက် ကားလမ်းဘေးတလျှောက်တွင်လည်း မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၆ ဦး ထက်မနည်းနှင့် ကျွဲ၊ နွားများ မိုင်းနင်းမိခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ (ဇွန်လ ၁၂ ရက်) ညနေပိုင်းကလည်း လားရှိုးမြို့နယ်အတွင်း မိုင်းယော်တိုက်နယ်ရှိ ကောင်းဟုန်းကျေးရွာတွင်လည်း လမ်းမကြီးပေါ် စစ်ကောင်စီတပ်က မြောင်းတူးဖော်ကာ လမ်းကြောပိတ်ဆို့ လိုက်ခြင်းကြောင့် ကားအများအပြား ပိတ်မိနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here