သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တောင်ရပ်ကွက်ကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၁ ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
သီပေါမြို့တောင်ရပ်ကွက်ကို စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲခဲ့တာကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးပြီး၊ အရပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီနေ့မနက် ဗုံးကြဲတော့ တစ်ယောက်ထိခိုက်ပြီး သေဆုံးသွားတာ။ သားအမိ ၂ ယောက် စက်ဘီးစီးလာရင်းနဲ့ ထိတာ။ အဲ့ထဲက တစ်ယောက်သေတယ်။ အိမ်နှစ်လုံးလည်းထိတယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။
အလားတူ စက်တင်ဘာ ၁၅ ရက် ညပိုင်းတွင်လည်း သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့ရာ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီက ညီနောင်မဟာမိတ်တို့ကို အကြမ်းဖက်အုပ်စုများဟု ကြေညာပြီးနောက်ပိုင်းတွင် လေကြောင်းနှင့် နေ့စဉ် ပြန်လည်တိုက်ခိုက်နေကြောင်း သိရသည်။
ထိုအပြင် စက်တင်ဘာ ၁၅ ရက်နေ့နှင့် စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းတွင်လည်း လားရှိုးမြို့နယ် နမ့်ပေါင်ကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲခဲ့ကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
လားရှိုးမြို့ဒေသခံအမျိုးသားက “မနေ့ညကလည်း နမ့်ပေါင်ကို ထပ်လာကြဲတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ နမ့်ပေါင်ကို လေကြောင်းနဲ့ဗုံးကြဲတာ ၂ ခါ ရှိပြီ။ အခုထိလည်း လားရှိုးမှာ သေနတ်သံကြားနေရတုန်းပဲ” ဟု ဆိုသည်။
လာမည့် စက်တင်ဘာ ၁၇ ရက်သည် တရုတ်လမုန့်စားပွဲတော် ဖြစ်သည့်အလျောက် စစ်ကောင်စီဘက်က ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ရာဒေသကို လေကြောင်းဗုံးကြဲလာမည်ကို လားရှိုးမြို့ဒေသခံများက စိုးရိမ်နေကြသည်။
လက်ရှိချိန်ထိ သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေသော်လည်း ဒေသခံတချို့သည် ငွေကြေးအခက်ခဲကြောင့် မရှောင်ပြေးနိုင်တော့ကြောင်း ပြောဆိုကြသည်။
“စစ်ဘေးလည်း မရှောင်နိုင်တော့ဘူး။ ရှောင်ရင်လည်း ပိုက်ဆံကုန်တယ်။ အလုပ်မရှိတော့ ဝင်ငွေလည်းမရှိဘူး။ လေယာဉ်သံကြားရင်လည်း ရေချိုးခန်းထဲ ဝင်ပုန်းနေလိုက်တယ်။ တချို့လည်း RC တိုက်အိမ်တွေမှာ သွားစုပြီး တော့ အိပ်ကြတာပေါ့။ တချို့လည်း ဗုံးခိုကျဉ်းတူးပြီးတော့ နေရတာပေါ့” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်နိုင်သည့်ဒေသများကိုလည်း စစ်ကောင်စီက လက်မလွတ်ဘဲ ပြန်ထိုးစစ်ဆင်နေသည့်အတွက်ကြောင့် တိုက်ပွဲတဖန် ပြန်ပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုကြသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။