သိန္နီမြို့မှကိုယ်ဝန်ဆောင်အမျိုးသမီး စစ်ကောင်စီပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်စထိမှန်

0
359
ပုံစာ -စစ်ကောင်စီပစ်ခတ်လိုက်သည့်လက်နက်ကြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကိုထိမှန်ခဲ့။

သျှမ်းပြည်၊ လားရှိုးခရိုင် သိန္နီမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှသိရသည်။

အောက်တိုဘာလ ၉ ရက် နံနက်ပိုင်း ၁၀ နာရီ ဝန်းကျင်ခန့်က သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စု (ဢိူင်ႇၵုၼ်ၵွၵ်ႇ)၊ ကောင်းချိုကျေးရွာ (ဝၢၼ်ႈၵွင်းၶဵဝ်) ၌ စစ်ကောင်စီ လက်နက်ကြီးကျကွဲပြီး ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ရွာခံတစ်ဦးဖြစ်သည့် နန်းစေး (နာမည်လွှဲ) က ပြောသည်။

နန်းစောက “ရွာထဲကို လက်နက်ကြီးနှစ်လုံး ကျကွဲတယ်၊ တစ်လုံးက အိမ်ဝိုင်းထဲ ကျကွဲလို့ အိမ်ထဲမှာရှိနေတဲ့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးရဲ့ကျောကို လက်နက်ကြီးစ ထိမှန်ဒဏ်ရာ ရသွားတယ်။ အခုတော့ ရွာခံတွေ ထွက်ပြေးကြပြီ၊ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်ရောက်နေတယ်” ဟု ပြောဆိုသည်။

လက်နက်ကြီးထိမှန် ဒဏ်ရာရသည့် ကိုယ်ဝန်သည်အမျိုးသမီးကို သိန္နီဆေးရုံသို့ ပို့ဆောင်ရာ လက်မခံသဖြင့် လားရှိုးဆေးရုံသို့ ဆက်လက်ပို့ဆောင်ကြောင်း ၎င်းက ဆက်ပြောသည်။

ကောင်းချိုကျေးရွာအတွင်း ကျကွဲသည့် လက်နက်ကြီးသည် သိန္နီမြို့နယ် ဝမ်ပန် (ဝၢၼ်ႈပၢင်ႇ) ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် နားကုန်းရွာခံ၊ ကောင်းချိုရွာခံတို့မှ ဒေသခံရွာသားများ စစ်ရှောင်ထွက်ပြေး နေရကြောင်းလည်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်စခန်းရှိရာ သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာမှလည်း လက်နက်ကြီး ပစ်ခတ်မှုများရှိနေပြီး ပါကန်းကျေးရွာ (ဝၢၼ်ႈပႃၵၢင်း) အတွင်းသို့ လက်နက်ကြီး ၂ လုံး ကျကွဲကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်သည် ကွန်ကောက်ကျေးရွာ (ဝၢၼ်ႈၵုၼ်ၵွၵ်ႇ)၊ တန့်ခန်ကျေးရွာ (ဝၢၼ်ႈတၢင့်ၶၢၼ်) နှင့် ပိန်းကန်းကျေးရွာ(ဝၢၼ်ႈပဵင်းၵၢင်း) တို့၌ နေရာယူထားလျက်ရှိပြီး စစ်ကောင်စီနှင့် အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှု ရှိနေသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“သေနတ်သံတွေတော့ မကြားရဘူး၊ လက်နက်ကြီးနဲ့ပဲ ပစ်နေတယ်။ အခုဆိုရင် မြို့ပေါ်ကို ထွက်ပြေးတဲ့ ဒေသခံတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ရှိနေတဲ့ စစ်ရှောင်တွေ စုစုပေါင်း ၅၀၀ လောက် ရှိမယ်။ KIA ကလည်း မဆုတ်၊ စစ်ကောင်စီ ကလည်း အင်အားထပ်ဖြည့်လာနေလို့ တချို့လည်း ပြေးဖို့အတွက် အထုတ်တွေ ပြင်ထားရတာ” ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။

သိန္နီမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီနှင့် KIA တို့၏ ထိတွေ့တိုက်ပွဲသည် အောက်တိုဘာလ ၇ ရက်မှ စတင် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများက စစ်ရှောင် ထွက်ပြေး နေကြရသည်။

လက်ရှိတွင် KIA တပ်မှ နောက်ဆုတ်ခြင်း မရှိသလို စစ်ကောင်စီတပ်မှ စစ်အင်အား အများအပြားဖြင့် ကွန်ကောက် ကျေးရွာအတွင်း တိုးချဲ့နေရာယူထားသည့်အတွက် တိုက်ပွဲ ပိုမိုပြင်းထန်မှာကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here