16 ဧပြီ 2025 /

See today's Peace Related News

သတင်းသိန္နီမြို့တွင် MNDAA က တပိုင်တနိုင် စျေးသည်များထံမှ အခွန်ကောက်မည်ဟုဆို

သိန္နီမြို့တွင် MNDAA က တပိုင်တနိုင် စျေးသည်များထံမှ အခွန်ကောက်မည်ဟုဆို

“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းမှုနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာကို ရင်ဆိုင်ရသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် တပိုင်တနိုင် ဈေးရောင်းချနေသည့် ဒေသခံပြည်သူများကို ကိုးကန့်တပ် (MDNAA) ထံ အခွန်ဆောင်ရမည်ဟု ၎င်းတို့က ပြောဆိုသည်။

သိန္နိမြို့ကို ကိုးကန့်တပ် MNDAA က ထိန်းချုပ်လာသည့် တစ်နှစ်ကျော်ကာလအတွင်း မြို့တွင်းပြန်လည်စည်းကားလာသော်လည်း ဒေသခံများသည် စီးပွားကျပ်တည်းမှုနှင့် အလုပ်အကိုင်ရှားပါးမှု ပြဿနာများ ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

ယခုဧပြီလကုန်ပိုင်းမှစ၍ သိန္နီမြို့အတွင်းရှိ လမ်းဘေးတလျှောက်၌ ဈေးရောင်းချနေသော ဈေးသည်များသည်
ပန်လော့ရွာတွင် ဖွင့်လှစ်မည့်ဈေးသစ်၌ ရောင်းချသွားရမည်ဟု ဆိုသည်။

ထိုဈေးသစ်တွင် ဆေးဆိုင်ဖွင့်လှစ်ပါက တစ်လလျှင် ၅၀၀,၀၀၀ (ငါးသိန်း) ကျပ်၊ သစ်သီးဝလံ ရောင်းသည့် ဆိုင်ဖြစ်ပါက တစ်လလျှင် ၅၀,၀၀၀ (ငါးသောင်း) ကျပ်၊ ပျံကျဈေးသည် တစ်လလျှင် ၂၀,၀၀၀ (နှစ်သောင်း) ကျပ်နှင့် အမှိုက်ခွန် ၁၅,၀၀၀ (တစ်သောင်းခွဲ) ကျပ် စသဖြင့် အခွန်အသီးသီးကို MNDAA ထံ ပေးဆောင်ရမည်ဟု သိန္နီမြို့ခံဈေးသည်တစ်ဦးက ပြောသည်။

“ကျမတို့အတွက်တော့ ခက်ခဲတာပေါ့ရှင်။ ကျမတို့လို သစ်သီးဝလံရောင်းတဲ့သူတွေက တခါတလေ သစ်သီးပုတ်တာရှိသလို ဈေးရောင်းထွက်တဲ့ရက်လည်း ရှိတယ်။ ဈေးရောင်းမထွက်တဲ့ရက်လည်း ရှိတယ်။ ပြီးတော့ ဒီရက်ပိုင်း လောင်းကစားဝိုင်းတွေလည်းရှိတော့ ဈေးပါးသေးတယ်။ လူတွေက ဈေးလာမဝယ်ဘူး လောင်းကစားရုံပဲ သွားကြတာ” ဟု အဆိုပါဈေးသည်က ပြောသည်။

အလားတူ ဆိုင်ကယ်ဖြင့် နယ်လှည့်ဈေးရောင်းနေသည့် ဈေးသည်များသည်လည်း ကိုးကန့်တပ် MNDAA မှ ဈေးရောင်းလက်မှတ် ထုတ်ပေးပြီးမှသာ ရောင်းချရမည် ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ သိန္နီမြို့တွင် နေ့စားအလုပ်သမားခေါ်ယူလျှင် လုပ်အားခကို တစ်ရက်လျှင် ၁၅,၀၀၀ (တသောင်းခွဲ) ကျပ်သာရရှိပြီး စားသောက်ကုန် ပစ္စည်းများကိုမှု ဈေးအဆမတန် ဝယ်ယူနေရကြောင်း၊ နေ့စားအလုပ်များကလည်း နေ့တိုင်းမရှိသဖြင့် နေ့စားအလုပ်ကိုသာ မှီခိုအားထားရနေသည့် ပြည်သူများသည် အခက်ခဲကြုံ နေကြောင်း သိန္နီမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“အခုသိန္နီမှာက စီးပွားရေးကလည်းမဖြစ် အလုပ်ကလည်းရှားတော့ တရက်မှ နေ့စားလိုက်ရရင် တသောင်းခွဲပဲရတယ်။ အလုပ်ကပြန်လာရင် ဆိုင်ကယ်ဆီကလည်း ထည့်ရသေးတယ်။ အခုဆီဈေးကလည်းတက်၊ ကုန်ပစ္စည်းတွေကတက်တော့ အလုပ်က နေ့တိုင်းမသွားရတော့ ခက်တာပေါ့” ဟု မြို့ခံတစ်ဦးက ပြောသည်။

ထို့ပြင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့မှုကြောင့် သိန္နီမြို့၌ စားသုံးဆီ ၁ ပိဿမှာ ၈,၀၀၀ ကျပ်မှ ၁၉,၀၀၀ အထိ မြင့်တက်လာကြောင်း၊ ဆန် ၃၀ ပိဿတစ်အိတ်မှာ ၁၄၀,၀၀၀ (တသိန်းလေးသောင်း) ကျပ်မှ ၁၇၀,၀၀၀ (တသိန်းခုနှစ်သောင်း) အထိ မြင့်တက်လာကြောင်း ဒေသခံများ ပြောသည်။

ထိုကြောင့် စီးပွားကျပ်တည်းမှုနှင့် အလုပ်ရှားပါးမှုကြား ပြည်သူများကို အခွန်ကောက်ယူမှုအပေါ် ရပ်ဆိုင်းပေးရန် (သို့) လျှော့ပေးရန် ဒေသခံပြည်သူများက တောင်းဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့က ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသော သိန္နီမြို့ရှိ မြို့မဈေးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပြည်သူများသည် ကြောက်လန့်၍ ယနေ့အချိန်ထိ ထိုဈေးအတွင်း ဈေးရောင်းခြင်း မပြုတော့ကာ လမ်းဘေးတလျှောက်၌ ဈေးရောင်းချနေကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။