သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တို့ တိုက်ပွဲဖြစ်ပွားပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အောက်တိုဘာလ ၇ ရက် နံနက်ပိုင်း ၁၁ နာရီ ဝန်းကျင်၌ သိန္နီမြို့နယ်၊ ကွန်ကောက်ရွာ ဘုန်းကြီးကျောင်းဝင်း အတွင်းသို့ လက်နက်ကြီးကျရောက်ကွဲပြီး ကျောင်းနံရံ၊ သွပ်မိုးများ ထိခိုက်ပျက်စီးရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“လက်နက်ကြီးက ကိုရင်လေးတွေအိပ်တဲ့ အဆောင်နဲ့ ဆွမ်းစားဆောင်ကို ထိမှန်တာ၊ ကိုရင်တွေကို မထိလို့ တော်သေးတယ်။ သွပ်မိုးတွေ၊ အုတ်နံရံတွေကတော့ ပျက်စီးကုန်တာ။ အခုဆိုရင် ကိုရင်နဲ့ ဦးဇင်းတွေကို ဟိုမိန်း ဘုန်းကြီးကျောင်းမှာ ခေတ္တပြောင်းရွှေ့ထားရတယ်” ဟု လုံခြုံရေးအရ အမည်ဖော်လိုသူ ဒေသခံအမျိုးသားက ပြောသည်။
ထို့အပြင် စစ်ကောင်စီပစ်ခတ်ခဲ့သည့် လက်နက်ကြီး နောက်ထပ် ၃ လုံး သည် ကွန်ကောက်ကျေးရွာ အုပ်စုရှိ၊ နားကုန်းကျေးရွာ (ဝၢၼ်ႈႁူဝ် တၢင်းသိုဝ်ႈ) ဒေသခံတစ်ဦး၏ ခြံဝင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ကျ ဆုံးမှုများကို မသိရသေးကြောင်းလည်း အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။
ဖြစ်ပွားသည့် စစ်ကောင်စီနှင့် KIA တပ်တို့၏ တိုက်ပွဲတွင် ကွန်ကောက်ကျေးရွာအတွင်း တပ်စွဲနေရာယူထားသည့် KIA တပ်မှပစ်လိုက်သည့် လက်နက်ကြီးကြောင့် ပန်နားကျေးရွာ (ဝၢၼ်ႈပၢင်ၼႃး) စာသင်ကျောင်းအနီး ရှိနေသည့် စစ်ကောင်စီ တပ်သား ၃ ဦး ဒဏ်ရာရရှိပြီး ၁ ဦး သေဆုံးကြောင်း သိန္နီမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
“ဒီနေ့ပစ်ခတ်မှုမှာ လက်နက်ကြီးနဲ့ ပစ်ကြတာ ပိုများတယ်။ KIA လက်နက်ကြီးကြောင့် စစ်ကောင်တပ်သား ၃ ဦး ထိပြီး ဒဏ်ရာတော်တော် ပြင်းတယ်လို့ သိရတယ်၊ သူတို့စစ်ကားနဲ့ ဆေးရုံပို့ဖို့ သယ်သွားတဲ့အချိန် တစ်ဦးက ပန်လော့တိုးဂိတ် အရောက်မှာ သေသွားတယ်” ဟု အဆိုပါ စစ်ရေးလှုပ်ရှားသူ ပြောဆိုသည်။
ယင်းကဲ့သို့ နှစ်ဖက်တပ် စစ်ရေးတင်းမာမှုကြောင့် ကွန်ကောက်ကျေးရွာမှ ဒေသခံ ၁၀၀ ကျော်သည် ဟိုမိန်း ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်ရောက်ရှိရာတွင် ကလေးငယ် ၃၀ ကျော် ရှိပြီး၊ ဖိုင်ခမ်း ဘုန်းကြီးကျောင်းတွင်လည်း စစ်ရှောင် ၃၀၀ ကျော် ရောက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်မှ ၁၂ နာရီခွဲ အထိ တင်းလုံးကျေးရွာ (ဝၢၼ်ႈတိုင်းလုမ်း) ၌ နေရာယူထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး ၆ လုံးပစ်ခတ်ရာ တစ်လုံးမှာ ကွန်ကောက်ကျေးရွာရှိ နေအိမ်ဝန်းတစ်ခုထဲ ကျကွဲပြီး မီးဖိုဆောင်နှင့် ဘုရားစင်များပျက်စီးရကြောင်း ဒေသခံရွာသားများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်၍ KIA တပ်ဖွဲ့သည် ကွန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်းအနီး စခန်းချ နေရာယူပြီး ကွန်လုံဘက်သွားသည့် ကုန်တင်ကားများထံမှ ဘီးလိမ့်ခွန် တစ်နှစ်စာကို ၁၀ သိန်း ထက်မနည်း ဆက်ကြေး ကောက်နေသည့်အတွက် ဒေသခံများ၊ လမ်းသွားလမ်းလာများအတွက် အခက်အခဲ ရှိနေရကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ဝန်းကျင်တွင် သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုရှိ နမ့်တူချောင်းဘေး နယ်ကျွံရောက်လာသည့် စစ်ကောင်စီစစ်ကြောင်း နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်က ဆုတ်ခွာခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။