တိုက်ပွဲနေ့စဉ်ပြင်းထန်နေသည့် သျှမ်းပြည်၊ သိန္နီမြို့နယ်မှ ဒေသခံစစ်ဘေးရှောင်များသည် လုံခြုံရေးအခြေအနေ စိုးရိမ်ပူပန်မှုများကြောင့် တောလမ်းမှတဆင့် နီးစပ်ရာမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း စုံစမ်းသိရသည်။
သိန္နီမြို့နယ်အတွင်း မြို့ပေါ်နှင့် ကျေးရွာဘုန်းကြီးကျောင်းများတွင် လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင်များ သည် နိုဝင်ဘာ ပထမပတ်မှစ၍ စားနပ်ရိက္ခာအခက်အခဲနှင့် လုံခြုံရေး အခြေအနေများကြောင့် တောလမ်းမှ တဆင့် နီးစပ်ရာမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိန္နီဒေသခံများက ပြောသည်။
“အခု စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေက အိမ်မှာနေလို့လဲမရ၊ ထွက်ပြေးလို့လည်းမရ၊ ဝင်လာချင်တဲ့လူလည်း လာလို့မရ အဲ့လိုဖြစ်နေတာ၊ သိန္နီမြို့ အရပ် ၄ မျက်နှာလုံး မဟာမိတ်တပ်တွေ အကုန်ဝိုင်းထားတော့လေ၊ အရမ်းဒုက္ခရောက်တယ်။ ထွက်ပြေးချင်တဲ့ လူတွေဆိုရင်လဲ ဆိုင်ကယ်နဲ့ချောင်းကူး၊ မြောင်းကူးပြီး တောထဲ တောင်ထဲကနေ ကိုယ့်လမ်းနဲ့ကိုယ် ပြေးနေကြရပြီ။ ကားလမ်းကနေ ဘယ်လိုမှသွားလို့ မရတော့ဘူးလေ” ဟု တိုက်ပွဲအတွင်းပိတ်မိနေသည့် သိန္နီမြို့ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ သိန္နီမြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ညီနောင် မဟာမိတ်တပ်တွေက စစ်ကောင်စီရဲ့ စကခ – ၁၆ နားကို ရောက်နေပြီ။ သိမ်းဖို့လုပ်နေတာ သုံးလေးရက်ရှိပြီ၊ စစ်ကောင်စီတပ်က လေကြောင်းအားကိုးပြီး ပြန်ပစ်နေလို့ အစားအသောက်လဲ စိတ်ပူရတယ်၊ လူအသေအပျောက် ဘယ်လောက် ထပ်ရှိလာမလဲ အဲ့တာလဲ စိုးရိမ်ရသေးတယ်။ သူတို့ပစ်ချင်တဲ့နေရာ ဗုံးကြဲချင်တဲ့နေရာ ပစ်ချတာ ကြဲချတာပဲလေ၊ ဘယ်သူလွတ်မယ်၊ ဘယ်သူသေမယ်ဆိုတာ မသိဘူးလေ။ လူထုက အရမ်းဒုက္ခရောက်နေပြီ။ အသက်လွတ်ရုံ တမယ်ပဲ ထွက်ပြေးနေရတယ်” ဟု ပြောသည်။
သိန္နီမြို့ စစ်ဘေးရှောင်စခန်းများမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် ပြည်သူများသည် ဆိုင်ကယ်နှင့် တောလမ်းများမှ ဖြတ်ပြီး လားရှိုး၊ သီပေါ၊ ကျောက်မဲ စသည့် နီးစပ်ရာ မြို့ရွာများသို့ သွားရောက်ရန် လမ်းခရီး စရိတ် ၂ သိန်း မှ ၃ သိန်း အထိ အကုန်အကျခံ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိန္နီဒေသခံများက ပြောသည်။
“ကားလမ်းကနေ ဘယ်လိုမှ သွားလို့မရတော့ဘူးလေ။ ဆိုင်ကယ်နဲ့ပြေးတဲ့လူတွေဆိုရင် ကယ်ရီခ တစ်ယောက်ကို ၂ သိန်း၊ တချို့နေရာတွေဆို ၃ သိန်းအထိ ပေးပြီး သိန္နီမြို့ကနေ ထွက်ပြေးကြတယ်။ သေနတ်သံ ဗုံးသံနဲနဲငြိမ်တဲ့ နေရာကို သွားကြတာ။ အဲ့မှာက စစ်ဘေးလွတ်တယ်လို့တော့ မဟုတ်ဘူးပေါ့၊ သိန္နီမြို့ပေါ်လောက်တော့ ဗုံးသံ သေနတ်သံ မကြားရဘူးပေါ့။ အခု သိန္နီမှာကတော့ နေရာတိုင်း ဗုံးသံ၊ သေနတ်သံတွေကြီးပဲ။ ဘယ်သူမဆို လားရှိုး၊ သီပေါ အဲ့ဘက်တွေသွားဖို့ စဉ်းစားနေကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် အဆိုပါဒေသခံအမျိုးသမီးက ဆက်ပြောသည်။
လက်ရှိတွင် သိန္နီမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များသည် လားရှိုးမြို့ ရိပ်သာကျောင်းတွင် ၂၀၀ ဦးခန့် ရောက်ရှိနေပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ လိုအပ်နေသည်ဟု လားရှိုးဒေသခံများထံမှ သိရသည်။
သိန္နီမြို့နယ်တွင် ‘၁၀၂၇ စစ်ဆင်ရေး’ စတင်သည့် အောက်တိုဘာ ၂၇ ရက်ကတည်းက မြို့ပေါ်နှင့်ကျေးရွာ ဘုန်းကြီးကျောင်း ၁၅ ကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာများတွင်လည်း ပြည်သူထောင်နှင့်ချီ ပိတ်မိနေကာ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် သိန္နီမြို့မှ လူငယ်များက ပြောသည်။
ထိုအထဲမှ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော် ရှိသည့် ကျောင်းခမ်းဘုန်းကြီးကျောင်းသည် စစ်ကောင်စီတပ် စကခ-၁၆ နှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် စစ်ဘေးရှောင်များမှာ လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲချမည့် အန္တရာယ်တို့ကို စိုးရိမ်ထိတ်လန့်နေရသည်ဟု ပြောကြသည်။
သိန္နီမြို့နယ်တွင် ‘၁၀၂၇ စစ်ဆင်ရေး’ ၁၂ ရက်တာ ကာလအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံပြည်သူ ၉ ဦး ထက်မနည်း သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။