သရက်တွင် PDF က ဆက်ကြေးကောက်ပြီးပြန်လာသည့် ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက် ၂ ဦးသေဆုံးခဲ့

0
341
Photo - သရက်ခရိုင် PDF တပ်ရင်း (၄)

မကွေးတိုင်း၊ သရက်မြို့နယ်တွင် ဆက်ကြေးကောက်ပြီး ပြန်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့က သရက်မြို့နယ် ဆင်ကော်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၄ ဦးသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာတွေမှာ ဆက်ကြေးကောက်ပြီးအပြန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်း သတင်းနဲ့ပြန်ကြားရေး တာဝန်ခံကိုမြတ်က ပြောဆိုသည်။

“ဆိုင်ကယ်နှစ်စီးနဲ့ ဆင်ကော်ရဲစခန်းကို ပြန်လာချိန်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်မှုကတော့ ၅ မိနစ်လောက်ပဲ ရှိခဲ့ပါတယ်” လို့ ၎င်းက ဆိုသည်။

တိုက်ပွဲမှာ ၅ မိနစ်လောက်သာ ကြာခဲ့သော်လည်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲ ၂ ဦး သေဆုံးပြီး ကျန် ရဲ ၂ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိသွားကြောင်းနှင့် ကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ အထိအခိုက် မရှိဘူးလို့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံကိုမြတ်က ဆက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် ၄ တပ်ရင်း Eagle Force ၊ ကျောင်းသားလက်ရုံးတပ်တော် S.A.F နှင့် လွတ်မြောက်ရေးအင်အားစုစစ်သည်များအဖွဲ့-W.O.L.F တို့က ပူးပေါင်းတိုင်ခိုက်ခဲ့ကြတာလို့ ၎င်းက ပြောသည်။

ထိုပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း သရက်ခရိုင် မင်းတုန်းမြို့နယ် အလည်ချောင်း ကျေးရွာ နယ်မြေရဲစခန်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ် လက်အောက်ခံ ၆ ဦး သေဆုံးခဲ့တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here