သရက်ချောင်း ရွှေဂူတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

0
419
ပုံစာ - ရွှေဂူတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ် (Photo - CJ / ပုံဟောင်းဖြစ်သည်)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအနီးရှိ စစ်ကောင်စီ ရွှေဂူတံတား စစ်ဆေးရေးဂိတ်ကို လက်နက်ကြီးနှင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်များပါ တပ်စွဲနေထိုင်သည့် ရွှေဂူတံတား စစ်ဆေးရေးဂိတ်ကို ဇွန် ၂၆ ရက် ည ၇ နာရီခန့်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က စမ်းသပ်ထုတ်လုပ်ထားသည့် လက်နက်ကြီးနှင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ရွှေဂူတံတားစစ်ဆေးရေးဂိတ်အပြင် ဥတ္တူတံတား စစ်ဆေးရေးဂိတ်နှင့် ညောင်ဇင်ရွာ အခြေစိုက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အချက်ရေ ၅၀ ထက် မနည်း ပစ်ခတ်ခဲ့သည်ဟု ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။

ယင်းသို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်း သိရသည်။

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ အနည်ဆုံး ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရနိုင်ပြီး မြေပြင်အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

ဇွန် ၂၇ ရက် နံနက်ပိုင်းကလည်း ဥတ္တူတံတား စစ်ဆေးရေးဂိတ်သို့ အင်အားဖြည့် ရောက်ရှိလာသည့် စစ်ကောင်စီတပ်က အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်ရှိ ရွှေဂူတံတားနှင့် ဥတ္တူတံတား စစ်ဆေးရေးဂိတ်များသည် စစ်အာဏာသိမ်း ကာလအတွင်း မကြာခဏ တိုက်ခိုက်ခံနေရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here